ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ဧပြီ ၂၇ ရက်နေ့ တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၄၀ သေဆုံးပြီး ကေအိုင်အေဘက်က ၂ ယောက် ကျဆုံးသွားတယ်လို့ ရှေ့တန်းရောက် ကေအိုင်အေအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်တပ်တွေကို စစ်ကောင်စီရဲ့ လေတပ်က မနေ့က အသံတိတ်ဗုံးကြဲလေယာဉ်အသုံးပြုကာ ၈ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဧပြီ ၂၈ ရက် မနက် ၇ နာရီလောက်မှာလည်း ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာနဲ့ လဘန်ရွာကြား အခြေချတဲ့ ခလရ (၅၈)အကြမ်းဖက်တပ်ဖွဲ့ကို ကေအိုင်အေဘက်က ရှောင်တခွင် တိုက်ခိုက်ခဲ့ အကြမ်းဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
ဒီနောက် လေတပ်က မနက် ၉ နာရီခွဲလောက်မှာ ဗန်းမော်မြို့နယ် မြို့သစ်အနီး စလောင်းကုန်းကို ဗုံးကြဲလေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကချင်ပြည်နယ် နေရာအနံ့ပြားမှာ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းအကျဆုံးစာရင်းကို စစ်ကောင်စီဘက်ကထုတ်ပြန်ထားခြင်းမရှိပေမဲ့ ကေအိုင်အေဘက်ကတော့ အကျဆုံးစာရင်းကို ထုတ်ပြန်ထားပါတယ်။