Home
Lead Story
ရန်ကုန်တိုင်းအစိုးရ ဝန်ကြီး ဒေါ်နီလာကျော်ကို အကြမ်းဖက်စစ်အုပ်စုက အဂတိမှုဖြင့် အရေးယူ
DVB
·
April 28, 2021

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ကမာရွတ်မြို့မရဲစခန်းမှာ ဧပြီ ၂၇ ရက်က အမှုဖွင့်အရေးယူထားတယ်လို့  အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အုပ်စုက ကြေညာပါတယ်။

ဒေါ်နီလာကျော်ဟာ ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက် တဲ့ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က Quality Controller Company ရွေးချယ်ရေးအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခင်မင်ရင်းနှီးတဲ့  ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးတာ အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းချထားပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ 

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်း စုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေး စစ်ဆေးခအဖြစ် ဝင်ငွေ ငွေကျပ်သိန်း ၁၆၆၀၀ ကျော်ကို ရရှိစေခဲ့ပြီး ကုမ္ပဏီဆီက ငွေကျပ် ၉၁၈ ဒသမ ၂၄ သိန်းကို လက်ခံရယူခဲ့တာ၊ ငွေကျပ် ၅၉၅ ဒသမ ၃၆ သိန်းကို သူ့ရဲ့အိမ်အကူမှတစ်ဆင့် လက်ခံရယူခဲ့တာ၊ ငွေကျပ် သိန်း ၂၁၃၀ ကို သူ့ကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံကို သွားရောက်အကြွေးဆပ်စေတာ၊ စုစုပေါင်းငွေကျပ် သိန်း ၃၆၄၃ ဒသမ ၆၀ ကို လက်ခံရယူခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ရာထူးတာဝန်အရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ မရဲစခန်းမှာ မနေ့က ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စစ်တပ်အာဏာစသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးထားတာဖြစ်ပြီး ပုဒ်မ အမျိုးမျိုးခေါင်းစဉ်တပ်ကာ  ဆက်လက်အကျဉ်းချထားနိုင်ရေး  ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024