ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားရကျေနပ်ဟု ကုလပြော
DVB
·
November 6, 2013
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အားတက်စရာ ဖြစ်ကြောင်း၊ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးရှေ့ဆက်ဖို့အတွက် ဆက်လက်ပြီး ကူညီပေးသွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီးယားက ပြောကြားလိုက်ပါတယ်။
[caption id="attachment_21398" align="alignright" width="300" caption="ဗီဂျေနမ်ဘီးယား"][/caption]
တိုင်းရင်းသားအဖွဲ့တွေ အများကြီးဟာ အစိုးရနဲ့ ဆွေးနွေးဖို့ ဘုံမူဝါဒလမ်းစဉ်တခုနဲ့ လာရောက်ဆွေးနွေးနိုင်ခဲ့သလို စဉ်းစားဆင်ခြင်ညှိနှိုင်းနိုင်တဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်အတွက် အားတက်မိတယ်လို့ ဆွေးနွေးပွဲမှာ လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ ဗီဂျေနမ်ဘီးယားက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာတာဟာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံ အနာဂတ်အတွက် အရေးပါတဲ့ ဦးစားပေးကိစ္စတခု ဖြစ်တယ်လို့ နမ်ဘီးယားက အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမှာ နိုဝင်ဘာ ၄-၅ ရက်တွေမှာ ကျင်းပတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံပွဲအပြီး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ သဘောတူညီချက်ရရှိခဲ့တာပါ။
ဒီဆွေးနွေးပွဲဟာ ဆယ်စုနှစ်တွေအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံနဲ့ အစိုးရတို့ရဲ့ ပထမဆုံးအကြိမ်အဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးတဲ့ ပွဲလည်း ဖြစ်ပါတယ်။