ကရင်လူ့အခွင့်အရေးအဖွဲ့ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုရရှိ

ထိုင်ဝမ်နိုင်ငံမှာ အခြေစိုက်တဲ့  ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်း က နှစ်စဉ် ချီး မြှင့်နေကျ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုကို ဒီနှစ် ၂၀၁၃ အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ အခုနှစ်အတွက် အာရှဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆုကို ကရင်လူ့အခွင့် အရေးအဖွဲ့ကို ပေးအပ်ကြောင်း ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းက နိုဝင်ဘာလ ၄ ရက်နေ့က သူတို့ရဲ့ ၀က်ဘ်ဆိုက် အင်တာနက် စာမျက်နှာမှာ ကြေညာလိုက်တာဖြစ်ပါတယ်။ ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းဟာ အာရှဒေသမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တစိုက်မတ်မတ် တက်ကြွစွာဆောင်ရွက်နေတဲ့ လူပုဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို  ၂၀၀၆ ခုနှစ် က စပြီး နှစ်စဉ် ချီးမြှင့်နေတာပါ။ ဒီလို ဆုချီးမြှင့်ခံရတာနဲ့ပတ်သက်ပြီး ကရင်လူအခွင့်အရေးအဖွဲ့အနေနဲ့ သူတို့ကို အသိအမှတ်ပြုပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ထောက်ပံ့ရာရောက်တဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ နော်ခူးခူးဂျူးက ပြောပါတယ်။ “KHRG အနေနဲ့ ဆုရတဲ့အပေါ်မှာ အရမ်းပဲ ၀မ်းသာဂုဏ်ယူပါတယ်။ ဒီဆုက KHRG လို့ ဒေသအခြေပြုအဖွဲ့တခုကို အလုပ်အပေါ်မှာ အသိအမှတ်ပြုတဲ့အတွက်လည်း ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာလည်း အများကြီး အထောက်အကူပြုပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ငွေရေးကြေးရေးအရရော ပိုပြီးအားကောင်းတာပေါ့။” ဒီဆုကို  လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တော် ရှန်ဂရီလာဟိုတယ်မှာ ချီးမြှင့်မှာဖြစ်ပြီး လူ့အခွင့်အရေး ကာကွယ်မြင့်တင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ တစ်သိန်းကို လည်း  ဆုကြေးငွေအဖြစ် ချီးမြှင့်မှာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်တဲ့  KHRG အဖွဲ့ကို ၁၉၉၂ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်းနဲ့ နယ်စပ်တစ်လျှောက်ရှိ ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သတင်းအချက်အလက်၊ အစီရင်ခံစာတွေထုတ်ပြီး တင်ပြနေတဲ့  အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ဟာ ၁၉၉၅ ခုမှာ ကနေဒါနိုင်ငံက ချီးမြင့်တဲ့ The Peace Fund Canada Honor Award ဆု နဲ့  ၂၀၀၁ခုနှစ်မှာ  The Canada-based Science for Peace Award ဆုတွေကိုလည်း ရရှိခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up