Home
မြန်မာသတင်း
မိုးမောက်မြို့နယ်၌ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်အကူအညီလိုအပ်နေ
DVB
·
April 26, 2021

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ကေအိုင်အေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေအကြား  တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာ သီတင်း ၂ ပတ်  ကျော်လာပြီး ရွာသားတွေထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အလော့ဘွမ်တောင်ပေါ် ဖုန်းတာဝါတိုင်ရှိရာ အနီးစခန်းနဲ့  အလော့ ဘွမ်တောင်တန်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး   လေတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် တာပိန်မြစ်ရိုးတလျှောက်က ပြည်သူတွေရဲ့ နေအိမ်တွေကို ထိမှန်ပြီး လူသေဆုံးတာ အိမ်တွေပျက်စီးတာရှိနေလို့  ရွာသားတွေ ထောင်နဲ့ချီကာ နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေတာပါ။ 

လောလောဆယ် စစ်ပြေးရှောင်ပြည်သူတွေ စုဝေးရောက်ရှိတဲ့နေရာ ၈ နေရာရှိပြီး လူဉီးရေ ၃၀၀၀ ကျော်ရှိကြောင်း၊ တချို့က စစ်ရှောင်တဲ့နေရာရောက်မလာဘဲ သူတို့ ဆွေမျိုးအိမ်တွေ အသိအိမ်တွေမှာ သွားနေကြလို့ စာရင်းအတိကျသိဖို့ မလွယ်ပေမယ့် စုစုပေါင်း ၅၀၀၀ လောက်ရှိ မယ်လို့ စစ်ပြေးရှောင်တွေကို ကူညီနေတဲ့  ဝါရှောင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ 

“ဘုန်းဘုန်းတို့ စာရင်းရသလောက်တော့ ရွာသားတွေလာပြီးတိမ်းရှောင်နေတဲ့ မည်ကာမတ္တ စစ်ပြေးရှောင်စခန်း ၈ ခုရှိတယ်။ စင့်ကင်စခန်း၊  ရွှေကျီးနားကျောင်းတိုက်၊ မန်နောင်ရွာ၊ မိုးဖိန်းရွာ၊ တံခွန်တိုင်ကျောင်း၊ ပရဟိတကျောင်း၊ ဗန်းမော်ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်နဲ့ သိမ်ကျောင်း စခန်းပေါ့၊ အဲဒါက စုစုပေါင်း သုံးထောင်ကျော်ရှိမယ်၊ ပြီးတော့ ကေဘီစီအသင်းတော်မှာလည်းရှိတယ်၊ ကချင်ဘာသာရေး လူမှုရေးအဖွဲ့အစည်းတွေ စောင့်ရှောက်ထားတာ လည်းရှိတယ်၊ တချို့က သူတို့ဆွေမျိုးအိမ်တွေ အသိအိမ်တွေဆီသွားကြတော့ စာရင်းအတိအကျ မသိဘူး၊ စုစုပေါင်းထွက်ပြေးနေရတဲ့သူက ငါး ထောင်လောက်ရှိမယ်”။

စစ်ပြေးရှောင်ပြည်သူတွေနဲ့ တိုက်ပွဲကြားမှာ သေဆုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစု ဝင်တွေအတွက် ဝါရှောင်ဆရာတော်နဲ့ ပရဟိတအဖွဲ့က အလှူငွေတွေကောက်ခံနေပေမယ့် မလောက်ငှနိုင်သေးဘဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအကူအညီလိုအပ်ဆဲဖြစ်တယ်လို့သိရပါတယ်။

မိုးမာက်မြို့နယ်ထဲမှာ ဒီနေ့မနက်ထိ ပစ်ခတ်မှုတွေ ရှိနေဆဲမို့ စစ်ပြေးရှောင်တွေ တော်တော်နဲ့ အိမ်ပြန်ရဖို့ မလွယ်ကူကြောင်း၊ ဒါကြောင့် ရပ်နီးရပ်ဝေးက စေတနာရှင်တွေအနေနဲ့ ဝါရှောင်ဆရာတော်ရဲ့ဖုန်း-  ၀၉ ၇၉၀၄ ၈၆၀၀၈ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။ 

မိုးမောက်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ တာပိန်မြစ်တကြောရှိ စီဟတ်၊ ကုန်းလော၊ မြို့သစ်၊ မြို့ဟောင်း၊ နောင်ကွမ်၊ နောင်ချို အစရှိတဲ့ ရွာပေါင်း ၅၀ ကျော် လူဉီးရေ ၂၀၀၀၀ ကျော်ဟာ ဗုံးအန္တရာယ်ဇုန်တွင်း ကျရောက်နေတယ်လို့ မိုးမောက်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024