Live
Home
မြန်မာသတင်း
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် ဖက်ဒရယ်တပ်မတော်အင်အားစုဖြစ်ဟုဆို
DVB
·
April 25, 2021

ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ ဖက်ဒရယ်တပ်မတော်ရဲ့အင်အားစုတွေပဲလို့ ကေအန်ယူ-မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ခုခံကာကွယ်ဖို့၊ အာဏာရှင်စစ်အုပ်စုကို အမြစ်ဖြုတ်ဖို့အတွက် ဖက်ဒရယ်တပ်မတော် မျှော်လင့်ချက်ဟာ ပြည်သူလူထုကြားမှာ ကြီးကြီးမားမားရှိလာနေတာပါ။

ဖက်ဒရယ်အရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ရှိပြီး အဲဒီအင်အားစုတွေဟာ ဖက်ဒရယ်တပ်မတော်ရဲ့အင်အားစုတွေပဲလို့ ကေအဲန်ယူ-မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကပြောပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိတိုက်ပွဲဝင်ပေးနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို အထောက်အပံ့ပေးဖို့ လိုတယ်လို့‌ဆိုပါတယ်။

ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းနိုင် အောင်ဆောင်ရွက်ဖို့လိုပြီး အခြေခံဥပဒေနဲ့အတူ ဖက်ဒရယ်တပ်မတော်ပေါ်လာရေး တပြိုင်နက်တည်း လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖြောင့်ဖြူးတဲ့ စီမံခန့်ခွဲမှုတွေကို ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ သမားရိုးကျလုပ်လို့မရနိုင်ဘဲ တော်လှန်ရေးကို အခြေတည်တဲ့ အစိုးရတစ်ရပ်အနေနဲ့ စဉ်းစားဆောင်ရွက်ဖို့လိုလိမ့်မယ်လို့လည်း ပဒိုမန်းမန်းက အကြံပြုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းတွေကို ဆက်တိုက်ဆောင်ရွက်နေတယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်က‌ ပြောကြားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့ အသင့်ဖြစ်နေတဲ့သူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုကိုတော်လှန်တိုက်ထုတ်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ မြန်မာပြည်အနှံ့က မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စတင်ဖွဲ့စည်းဆောင်ရွက်နေကြပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024