Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ အမြန်ကျင်းပရေး အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ သဘောတူ
အေးနိုင်
·
November 5, 2013
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက သဘောတူညီခဲ့ကြတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များ (လိုင်ဇာသဘောတူညီချက်) ကို ဆွေးနွေးခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကို လိုင်ဇာသဘောတူညီချက် ပေးအပ်ခဲ့ပါတယ်။ အစိုးရဘက်က တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကို အပြန်အလှန် ပေးအပ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေး သဘောတူညီချက်တွေ ရရှိရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပတာတွေ ပြုလုပ်သွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်သွားရေးအတွက် အန်စီစီတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးရင် ဒီဇင်ဘာလအတွင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်တီနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဆွေးနွေးပွဲအပြီး အခုလိုပြောပါတယ်။ “ရလဒ်ကတော့ မနေ့ကလည်း ကျနော်ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အဆင့် မရောက်သေးဘူး။ အဲဒီအဆင့်ထိ သွားဖို့အတွက် အခြေခံရသွားတာပေါ့။ နောက်သူတို့ ဆွေးနွေးပြီး ဘားအံမှာကျရင်တော့ ဒီထက်ပိုပြီး ထင်သာမြင်သာရှိတဲ့ ရလဒ်တော့ ရမယ်။” အဲဒီဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အစရှိတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားတွေဘက်က နိုင်ဟံသာဦးဆောင်တဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ တက်ရောက်ဆွေးနွေးပါတယ်။ နှစ်ရက်တာဆွေးနွေးပွဲနဲ့ပတ်သက်လို့ အန်စီစီတီ အဖွဲ့ဝင် ဦးခွန်ဥက္ကာက “မြစ်ကြီးနားပွဲကတော့ တွေ့ဆုံဆွေးနွေးပွဲဆိုတာထက် လိုင်ဇာမှာ ရရှိလာတဲ့ ဘုံသဘောတူညီချက်ကို ပြန်ပြီးတင်ပြတာဖြစ်တယ်” လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားနဲ့ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ၀မ်ရင်ဖုန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ မစ္စတာ နမ်ဘီးယားက “ဒီဆွေးနွေးပွဲဟာ အပြုသဘောခြေလှမ်းပါ။ တိုင်းရင်းသားအဖွဲ့တွေက အတူတကွ လက်တွဲလုပ်ကိုင်ကြဖို့ ဘုံသဘောတူညီချက်ရခဲ့တာကိုက ခြေလှမ်းကြီးတလှမ်း တက်လှမ်းလိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။ ကုလသမဂ္ဂအနေနဲ့ ဒီဆွေးနွေးပွဲရဲ့ ဖြစ်ထွန်းမှုတွေကို အတွင်းရေးမှူးချုပ်ထံတင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ထဲမှာ လိုင်ဇာကွန်ဖရင့်ကို မတက်ရောက်နိုင်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ မိုင်းလားအထူးဒေသ (၄)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) တို့ထံက သဘောတူညီချက်ရယူဖို့ ကြိးပမ်းကြရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024