အကြမ်းဖက်စစ်အုပ်စုရဲ့ ဘေးရန်ကနေ ပြည်သူတွေကို ကာကွယ်ဖို့ မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီလို့ ဧပြီ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အလိုက် GZ လူငယ်တွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ၊ မြို့မိမြို့ဖနဲ့ ပြည်သူတွေပူးပေါင်းဖွဲ့စည်းတာလို့ ဆိုပါတယ်။
မန္တလေးခရိုင် ၇ မြို့နယ်ကို ကိုယ်စားပြုထားတဲ့ ဒီတပ်ဖွဲ့မှာ အထူးတိုက်ခိုက်ရေးသမား ၁၀၀ နဲ့ တပ်သား ၉၀၀ ပါဝင်ပြီး စတင်ဖွဲ့စည်းတာလို့ သိရပါတယ်။
အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ခံပြည်သူ့အစိုးရထံ ပြန်အပ်နှံနိုင်ရေး၊ မတရားဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ ကျောင်းသား ပြည်သူတွေလွတ်မြောက်ရေး၊ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားတွေနဲ့အတူတွန်းလှန်ရေး၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး နှိပ်စစ်သတ်ဖြတ်ခြင်းမှ ပြည်သူတွေကင်းဝေးစေရေး စတာတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ CDM သမားတွေ၊ သပိတ်ခေါင်းဆောင်တွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး အရေးတော်ပုံအတွက် တိုက်ခိုက်ဖို့အချိန်ကျရင် ပါဝင်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။
ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်က ပြောကြားထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့ အသင့်ဖြစ်နေတဲ့သူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။