သမ္မတနှင့် ၀န်ကြီးများ လစာလျော့ချမှု ပါဝင်သည့် ဥပဒေကြမ်း လွှတ်တော်တင်
DVB
·
November 5, 2013
သမ္မတနဲ့ ၀န်ကြီးတွေကို အရင် စစ်အစိုးရက ပြဋ္ဌာန်းပေးထားတဲ့ လစာထက် လျော့ချ တ်မှတ်တာ ပါဝင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်က “ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တင်သွင်းစဉ် ဥပဒေကြမ်းကော်မတီက သမ္မတနဲ့ ၀န်ကြီးတွေရဲ့ လစာ လျော့ချတဲ့အချက်တွေကို ဖြည့်စွက် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
စစ်အစိုးရခေတ်က ပြဋ္ဌာန်းပေးခဲ့တဲ့ နဂို ဥပဒေထဲမှာ လစာအနေနဲ့ သမ္မတက ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတတွေက ၁ လကို ကျပ် သိန်း ၄၀၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ တရားသူကြီးချုပ်တွေက ၁ လကို ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။
အခု အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်လိုတယ်ဆိုပြီး ဖြည့်စွက် ထားချက်မှာတော့ သမ္မတဟာ ၁ လ ကျပ် ၁၅ သိန်း ၊ ဒုသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တရားသူကြီးချုပ်တွေက ၁ လ ကျပ် ၁၂ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ဦးနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ဖြည့်စွက်ထားပါတယ်။