ဧပြီလ ၂၃ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ချမ်းမြသာစည် (ဃ/၄) ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို အကြမ်းဖက်ချိုးဖျက်ပြီး လူငယ်အမျိုးသား ၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ မဟုတ်ဘူးလို့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေး မြရည်နန္ဒာအိမ်ရာကို ဝင်ရောက်စီးနင်းပြီး သားအမိ ၂ ယောက် အပါအဝင် ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာပါ။
ဒါ့အပြင် မနက် ၁၀ နာရီကျော် အချိန်က မန္တလေး ၆၂ လမ်းနဲ့ ၁၈ လမ်းမှာလည်း ဆိုင်ကယ်တွေကို စစ်ဆေးရင်း ဆယ်ကျော်သက်အရွယ် လူငယ် ၂ ယောက်ကို ရိုက်နှက်ပြီး Probox ကားနောက်ဖုံးထဲ ထည့်ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းအတွင်း DVB က သတင်းရရှိသလောက် အပြစ်မဲ့ ပြည်သူ ၁၄ ယောက် အဖမ်းခံထာရပြီဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြရည်နန္ဒာအိမ်ရာကိုလည်း နေ့စဉ်လိုလို ဝင်ရောက် ရှာဖွေနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း အမျိုးသမီး ၂ ယောက် အပါအဝင် လူငယ် ၄ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
Photo - CJ