Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီဖွဲ့စည်း
DVB
·
April 23, 2021

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝကျင့်သုံး ဆောင်ရွက်နိုင်ဖို့ မန္တလေးတက္ကသိုလ်ရဲ့ ယာယီတက္ကသိုလ်ကောင်စီကို ဧပြီ ၂၂ ရက်က ဖွဲ့စည်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပညာရေးယန္တရားကို လည်ပတ်ဖို့ ကြိုးစားလာချိန် ဖက်ဒရယ် ဒီမိုကရေစီပညာရေစနစ်ကို လိုလားတဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေက ဆရာ/ဆရာမ ဝန်ထမ်း တွေ၊ ကျောင်းသား/ ကျောင်းသူတွေက တက္ကသိုလ်စီမံအုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တွေကို ဖွဲ့စည်းလိုက်တာပါ။

 မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက  "စစ်ကောင်စီ လက်အောက်က လက်ပါးစေ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မယ့် ညွန့်ကြားချက် ၊ အမိန့် ၊ အာဏာတွေကို ဖီဆန်ပြီး စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အခုလို ဖွဲ့စည်းလိုက်တာပါ။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ချေမှုန်းဖို့ ဖယ်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ အားမလျော့ပဲ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်"လို့ ပြောပါတယ်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်သစ် ထူထောင်နိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်အုပ်ချုပ်ခွင့်ကို အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်ဖို့၊ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လက်ပါးစေ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေအစား တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး စီမံ/ခန့်ခွဲရေးဆိုင်ရာတာဝန်တွေကို ဆောင်ရွက်သွားနိုင်ဖို့ မန္တလေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းလိုက်တာပါ။

ဧပြီ ၂၁ ရက်ကလည်း  ရန်ကုန်တက္ကသိုလ်၊ ဧပြီ ၂၂ ရက်မှာ ရတနာပုံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) စတဲ့ တက္ကသိုလ်တွေမှာ လည်း ယာယီတက္ကသိုလ်ကောင်စီတွေကို အသီးသီးဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။

မကြာခင်ကာလအတွင်း ကျန်ရှိနေတဲ့ တက္ကသိုလ်တွေမှာလည်း ယာယီတက္ကသိုလ်ကောင်စီ တွေ ဆက်လက် ဖွဲ့စည်းသွားဖို့ ရှိပါတယ်။

ယာယီတက္ကသိုလ်ကောင်စီတွေက CRPH ဦးဆောင်တဲ့ NUG အစိုးရနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီး  မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို  ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်အဖြစ် ဖော်ဆောင်သွားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024