အင်ဒိုနီးရှား ကလေးအိမ် အလုပ်သမားလေးများကို အခွင့်အလမ်းပေးအပ်
DVB
·
November 4, 2013
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ရဲ့ ခန့်မှန်းချက်အရ အိမ်အလုပ်သမားတွေအဖြစ် အလုပ်လုပ် နေကြရပြီး တခါတရံ အန္တရာယ်ရှိတဲ့ ကျေးကျွန်လို အခြေအနေမျိုးတွေနဲ့ အလုပ်လုပ်နေကြရတဲ့ ကလေးသူငယ်ပေါင်း ကမ္ဘာတ၀ှမ်းမှာ ၁၀ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ၇၀ ရာခိုင်နှုန်းဝန်းကျင်လောက်က မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကတော့ ကလေးသူငယ်တွေကို အိမ်အလုပ်သမားအဖြစ် စေခိုင်းတာကို ရပ်ဆိုင်းကြဖို့ တောင်းဆို ထားပါတယ်။
အင်ဒိုနီးရှားမှာတော့ အန်ဂျီအိုတခုက ကလေးတွေကို အခွင့်အရေး ပေးအပ်ဖို့ ကြိုးစား နေပါတယ်။
၇ တန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး အိမ်အလုပ်သမားအဖြစ် စအလုပ်လုပ်တဲ့အချိန်မှာ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ အနိစ်ရက “ကျမအဖေက လေဖြတ်ထားတယ်လေ။ ဆရာဝန် လာတဲ့အချိန်မှာ သူက ကျမကို သူ့အိမ်မှာ အလုပ်လုပ်ဖို့ လူတယောက် လိုနေတယ်လို့ ပြောခဲ့တယ်။ ကျမ အလုပ်လုပ်ဖို့ ဆုံး ဖြတ်လိုက်တာ အဲဒါကြောင့်ပါ” လို့ ပြောပါတယ်။
ပထမအလုပ်မှာတုန်းက တနေ့ ၁၇ နာရီ အလုပ်လုပ်ရတယ်လို့ အနိစ်ရက ပြောပါတယ်။
“မနက်ဆို ကျမ ၅ နာရီက စပြီး အလုပ်လုပ်ရတယ်ရှင့်။ မိသားစုအတွက် ဖျော်ရည် ဖျော်၊ ချက်ပြုတ် ပေးရတယ်။ အိမ်မှာ ရှိတဲ့ အဖွားကို လည်း နှိပ်ပေးရပါတယ်။ နောက်ပြီး တံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ အ၀တ်တွေလျှော် မီးပူတိုက်ပေါ့ရှင်။ ည ၁၀ နာရီမှာ အလုပ်ပြီးပါတယ်။ ဒါပေမယ့် တခါတလေ သူတို့က တခြားအလုပ် လုပ်ခိုင်းတာမျိုးလည်း ရှိပါတယ်။”
သူက ၂ ပတ်ပဲ လုပ်ခြဲ့ပီး အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာ ရခဲ့ပါတယ်။ ဒါပေမယ့် ပညာမယ်မယ်ရရ မရှိခဲ့တော့ သူအနေနဲ့ အိမ်စေအလုပ်မျိုးကိုပဲ ရှာလို့ ရနိုင်တာပါ။
နောက်အလုပ်တခုမှာတော့ တနေ့ကို ၁၅ နာရီ အလုပ်လုပ်ရပြီး ၁ လ အမေရိကန်ဒေါ်လာ ၆၀ ရခဲ့တယ်လို့ ဆိုပါတယ်။
“ကျမက မွေ့ရာ မရှိတဲ့ ကုတင်ပေါ်မှာ အိပ်ရပါတယ်။ ပစ္စည်းတွေ အများကြီးတင်ထားတဲ့ သစ်သားကုတင် တလုံးပါ။ ကျမ က ဂိုထောင် တလုံးထဲ မှာ အိပ်ရသလိုပါပဲရှင်။ ခေါင်းအုံးတလုံး နဲ့ စောင်ပါးလေး တထည် ရပါတယ်။ ကျမက စောင်မခြုံဘဲ လက်အိတ်တွေနဲ့ခြေအိတ်တွေ စွပ်ပြီး အိပ်ခဲ့တာပါပဲ။ ကျမကို ကြည့်လိုက်ရင် မော်တော်ဆိုင်ကယ်စီးဖို့ ၀တ်ထားသလို ဖြစ်နေတာပေါ့ရှင်။”
၁ ပတ်ပဲလုပ်ပြီး သူ အလုပ်က ထွက်လိုက်ပါတယ်။ အခုတော့ သူက အိမ်တွေ အတော်များများမှာ အ၀တ်လိုက်လျှော်ပေးနေပါတယ်။
အနိစ်ရဟာ တချို့ကျေးကျွန်လို အခြေအနေမျိုး လုပ်ကြရတဲ့ ကမ္ဘာတ၀ှမ်းက ကလေး အိမ် အလုပ်သမား ၁၀ သန်းကျော်ထဲက တယောက်ပဲ ဖြစ်ပါတယ်။
ကလေးတွေဟာ အိမ်သန့်ရှင်းရေးနဲ့ သက်ကြီးရွယ်အိုတွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ အလုပ်မျိုးတွေလို အိမ်အလုပ် အမျိုးမျိုးကို လုပ်ကြရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်အလုပ်သမားများ အထောက်အကူပြု အမျိုးသားကွန်ရက်အဖွဲ့က
ကလေး အိမ်အလုပ်သမားတွေ လုပ်ကိုင်မှု မြင့်မားတဲ့နေရာတွေကို ဖော်ထုတ် ပြသခဲ့ပါတယ်။ အဲဒီနေရာတွေထဲက တခုကတော့ အနောက်ဂျားဗားက ကရန်ရီ ပါ။
အခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူတို့က ကလေး အိမ်အလုပ်သမား ၁၅ ယောက်အတွက် တနင်္ဂနွေနေ့တိုင်း အခမဲ့ စာသင်ခန်းတခုကို လုပ်ပေးထားပါတယ်။
အဲဒီ အုပ်စုထဲက အင်ကီမာရစ်က သူတို့မှာ ကဇာတ် သင်တဲ့ အတန်း တခုလည်း ရှိတယ်လို့ ပြောပါတယ်။
“ကျမတို့ ၂၀၁၁ ခုနှစ်မှာ ကရန်ရီ ကို ထွက်ခဲ့တာပါ။ ကျမတို့က ကလေးတွေကို သူတို့ရဲ့ ပညာရေးအတွက်သာ မဟုတ်ဘဲ သူတို့ရဲ့ အနာဂတ်မှာပါ သူတို့ကိုယ် သူတို့ ဖော်ဆောင် ပြသနိုင်လာစေချင်တာပါ။ ဒီမှာ ကဇာတ်သင်ပေးဖို့လာရတာက အဲဒါကြောင့်ပါပဲရှင်။ သူတို့ကို စိတ်ပြေလက်ပျောက် ဖြေလျော့မှု ရစေချင်လို့ပါ။ နောက်တော့ ကျမတို့က မူတီရာရာ စတူဒီယို ကို တည်ထောင်ခဲ့ပါတယ်။”
ဆရာ၊ ဆရာမတွေထဲက ကဇာတ်ပညာရှင် ကထိက ဟာလီနာ ဆရာရီဖူဒင်က “ကျမ ရည်ရွယ်ချက်က သူတို့ကို လူထုကို ဖျော်ဖြေ သရုပ်ဆောင်ဖို့ ယုံကြည်မှု ရှိလာစေဖို့ပါ။ အဲဒီလိုမှ သူတို့ လောကဓံကို စိန်ခေါ်နိုင်လာကြမှာပေါ့ရှင်။ ဒါပေမယ့် သူတို့ဟာ ပစ်ထားခံရတာ ကြာခဲ့ပြီဆိုတော့ သူတို့ကို ယုံကြည်မှု တည်ဆောက်ပေးဖို့က အတော်လေး ခက်ပါတယ်။ ကျမတို့က သူတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့၊ သူတို့ရဲ့ ရှေ့မှာ ရှည်လျားတဲ့ အနာဂတ်တခု ရှိနေသေးတယ်ဆိုတာကို သူတို့သိလာအောင် ကြိုးစားပေးနေတာပါ။ အချိန်ပိုင်းအတွင်းမှာပဲ တချို့တိုးတက်မှုတွေကို ကျမတို့ တွေ့နေရပါပြီ” လို့ ပြောပါတယ်။
တနင်္လာနေ့က သောကြာနေ့အထိပဲ အလုပ်လုပ်ပြီး အဲဒီအတန်းကို တက်နေတဲ့ အသက် ၁၆ နှစ်အရွယ် စူစီရာမ၀တီ “ကဇာတ်က သရုပ်ဆောင်တာနဲ့ တူတူပါပဲ။ ကျမတို့ အများကြီး အတွေ့အကြုံ ရပါတယ်။ ကျမတို့ ကဇာတ်မှာ ကောင်းကောင်းကို သရုပ်ဆောင်ရပါတယ်။ ပထမတော့ ကျမက သိပ်ရှက်တတ်တယ်ရှင့်။ ကျမ ပါးစပ် ဖွင့်လာအောင် သူတို့ ကျမကို အများကြီး ပြောခဲ့ရပါတယ်။ ဒါပေမယ့် ကျမ အခု အများကြီး ပိုယုံကြည်မှု ရှိလာပါပြီ။ မနေ့ကထက်တော့ ပိုကောင်းလာပြီ” လို့ ပြောပါတယ်။
အင်ကီမာရစ်က စူစီလို အိမ်အလုပ်သမားလေးတွေကို အဲဒီမှာ တခြားလောကတခု ရှိနေသေးတယ်ဆိုတာကို ကဇာတ်ကနေ ပြချင်တာပါ။
“ကျမက ကလေးတွေကို အိမ်အလုပ်သမားတွေအဖြစ် ဆက်မလုပ် စေချင်တော့ဘူးရှင့်။ အဲဒါဟာ ကလေးတွေအတွက် ကမ္ဘာပေါ်မှာ အဆိုးဆုံး အလုပ်တွေထဲက တခုပေါ့ရှင်။ ဒီအသက်အရွယ်မှာ ပိုက်ဆံအတွက် အလုပ်လုပ်ရမယ့်အစား သူတို့ ကျောင်းသွား သင့်တာပေါ့ရှင်။ သူတို့ကို မေးလိုက်တော့ သူတို့က သူတို့မိသားစုတွေကို ထောက်ပံ့ ကူညီဖို့ အလုပ်လုပ်ရတာပါလို့ ပြောတယ်လေ။ သူတို့က ကျောင်းသွားနိုင်ကြတဲ့ သူတို့ သူငယ်ချင်းတွေကို အားကျ နေကြတာပါ။ ရလဒ်ကတော့ သူတို့ ကိုယ့်ကိုယ်ကိုယ်တောင် လေးစားမှု နည်းပါးလာတာပါပဲရှင်။”
စူစီက လွန်ခဲ့တဲ့လက ဂျကာတာ မှာ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စင်ပေါ်မှာတော့ သူက မိသားစုကို ထောက်ပံ့ဖို့ ကလေး အိမ်အလုပ်သမား လုပ်ရတဲ့ သူတယောက်အဖြစ် သရုပ်ဆောင်ဖို့ သူအတွေ့အကြုံကို အသုံးချခဲ့တာပါ။
သရုပ်ဆောင် တင်ဆက်ပြီးတဲ့အချိန်မှာ အနိစ်ရက သူ တခြားအလုပ်တခု ရှာချင်တယ်လို့ ပြောပါတယ်။
“ကျမက ဒီထက် ပိုကောင်းတဲ့အလုပ်တခု လိုချင်တယ်။ တနေရာရာမှာ ရုံးလုပ်ငန်းတခုပေါ့ရှင်။ ကျမက မိသားစုကို ဒီထက် ပိုကောင်းကောင်း ထောက်ပံ့ချင်ပါတယ်။ ကျမက လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်လေ။”
ကင်နာဝတီ ဖာဆာရီဘူက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ဂျကာတာကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။