ဆီးဂိမ်းအတွက် လေကြောင်းလိုင်းများ ပြင်ဆင်
DVB
·
November 4, 2013
လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတဲ့ ဆီးဂိမ်းပြိုင်ပွဲကာလမှာ ၀င်လာကြမယ့် နိုင်ငံခြားခရီးသွားတွေနဲ့ အားကစားသမားတွေအတွက် သွားလာမှု အဆင်ပြေအောင် မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ် သစ်တွေ ၀ယ်ယူနေကြပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွက် အဓိက စပွန်ဆာယူထားတဲ့ အမ်အေအိုင်လေကြာင်းလိုင်းက ပွဲကျင်းပချိန်မှာ ရောက်လာမယ့် အားကစားသမားတွေအတွက် ခရီးသည် ၁၈၀ လောက် တင်ဆောင်နိုင်တဲ့ အဲယားဘတ်စ် လေယာဉ်တွေ ၀ယ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နောက်ထပ် ၀ယ်ထားတဲ့ ပြင်သစ်နိုင်ငံထုတ် လေယာဉ် ၂ စင်း နိုဝင်ဘာလ ကုန်လောက်မှာ ရောက်လာမယ်လို့ အမ်အေအိုင်လေကြောင်းလိုင်းက ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောပါတယ်။
“ဆီးဂိမ်းအတွက်က ကျမတို့အနေနဲ့ ကောင်းတဲ့ဘက်က အများကြီး မျှော်လင့်ထားပါတယ်။ နဂိုကတည်းက ဒီလို ရာသီက ခရီးသွားအရမ်းများတဲ့ ရာသီပေါ့နော်။ နိုဝင်ဘာ၊ ဒီဇင်ဘာ အဲဒီလ တွေအကုန်လုံးက နဂိုခရီးသည်နဲ့ သူ့ဟာသူ များတဲ့အချိန်မှာ ဆီးဂိမ်းအတွက် လာမယ့် ဧည့်သည် အားကစားသမား အဲဒီအတွက်တွေ အဆင်မပြေမှာစိုးလို့ ကျမတို့တွေက ပြည်တွင်းခရီးစဉ် မပျံဘူးပေါ့။ ပြည်ပပဲပျံတာ။ ဒါပေမယ့်လည်း အဲဒီအချိန်မှာ လိုအပ်ခဲ့ရင် ကျမတို့ကလည်း စင်းလုံးငှားခကောက်ပြီး ပြေးဆွဲပေးဖို့အတွက်ကို ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ မန္တလေး-နေပြည်တော် အဲဒီခရီးစဉ် သုံးခုကို ကျမတို့ စီစဉ်ထားပေးပါတယ်။”
အမ်အေအိုင်လေကြောင်းလိုင်းဟာ စုစုပေါင်း လေယာဉ် ၉ စင်းနဲ့ နိုင်ငံခြားခရီးစဉ်တွေကို လက်ရှိ ပျံသန်းပြေးဆွဲနေတာ ဖြစ်ပြီး ဆီးဂိမ်းလ်ကာလမှာတော့ ပြည်တွင်းခရီးစဉ်တွေလည်း ပျံသန်းသွားမယ်လို့ ပြောပါတယ်။
အလားတူ နောက်ထပ် ပြည်တွင်းလေကြောင်းလိုင်းတခု ဖြစ်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်း (Golden myanmar Airline) ကလည်း လူ ၁၈၀ ဆန့် XY-AGT A 320 အမျိုးအစား အဲယားဘတ်စ်လေယာဉ် ၁ စင်းကို ဒီနှစ် အောက်တိုဘာ ၁၆ ရက်နေ့က ၀ယ်ယူခဲ့ပြီး ခရီးစဉ်သစ်တွေကို နိုဝင်ဘာ ၁၅ ရက်နေ့ စတင်ပြေးဆွဲတော့မယ်လို့ သိရပါတယ်။
ရွှေမြန်မာလေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူ ဦးဖရက်ဒီက မြန်မာပြည်က ၂၀၁၃ ဆီးဂိမ်းလ်အတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။
“ကျနော်တို့ တစီးတည်းကို အယောက် ၁၈၀ ဆန့်မယ်။ နောက်ပြီးတော့ ကျနော်တို့ လေယာဉ်ပျံက နေပြည်တော်ကို နာရီဝက် သုံးဆယ့်ငါးမိနစ်ဆို ရောက်ပြီ။ ကျနော်တို့ အဲယားဘတ်စ်အကြီးကြီးဆိုမြန်တယ်ဗျ။ ကျနော်တို့က လေယာဉ်ကွင်းအထိ ပို့တာမဟုတ်ဘူး။ မြို့ထဲအထိ ပို့ပေးတာ။ မြို့ထဲဆိုတာက ဈေးနားလောက်အထိပေါ့ မြို့မဈေးပေါ့။ မန္တလေးဆိုရင် ကျုံးကြီးလောက်အထိ ပို့တယ်။ နောက်အခြားလေကြောင်းလိုင်းတွေလည်း သူတို့လည်း ဆွဲကြမှာပေါ့ဗျာ။ ဒါက ၀ိုင်းပြီးတော့ လုပ်ပေးမှပဲ ဒီဆီးဂိမ်းကြီးက အောင်မြင်မယ်လေ။ ၀ိုင်းမလုပ်လို့ကတော့ သွားရေးလာရေးက အတော်အခက်အခဲရှိမယ်။ ကားလမ်းကြောင်းက ရှိတာက ရှိတာပဲလေ။ လေယာဉ်ပျံနဲ့ နာရီဝက်အတွင်း ရောက်ချင်တယ်။ အမြန်ဆုံး ရောက်ချင်ကြတယ်။ ”
လေကြောင်းလိုင်းတွေအနေနဲ့ ခရီးသည်လုံခြုံရေးနဲ့ ၀န်ဆောင်မှု အပြည့်အ၀ ပေးဖို့ ကြိုးစားနေကြပြီး လေယာဉ်မလုံလောက်မှုတွေ ကြုံလာပါကလည်း တိုးချဲ့ ပြေးဆွဲပေးသွားကြမယ်လို့ သိရပါတယ်။