Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့်လုပ်ငန်းရှင်အချို့ ပူးပေါင်းပြီး တရားမဝင်ကျောက်စိမ်းတူး
DVB
·
April 21, 2021

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်ရတနာနယ်မြေ မက်လင်ချောင်မှော်မှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်မ ၃၃ ဟာ လုပ်ငန်းရှင်တချို့နဲ့ပူးပေါင်းပြီး တရားမဝင် ကျောက်စိမ်းတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စားဝတ်နေရေးအတွက် တနိုင်တပိုင်ကျောက်စိမ်းတူးဖော်နေတဲ့ ရေမဆေးသမားတွေကို ခြိမ်းခြောက်မောင်းထုတ်ပြီး လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ကျောက်စိမ်း တူးဖော်မှုတွေကို ဧပြီ ပထမပတ်လောက်ကစပြီး လုပ်ကိုင်နေတာလို့ ရေမဆေးသမားတွေက ပြောပါတယ်။

အဲဒီလို တရားမဝင်ကျောက်ခိုးတူးတဲ့ လုပ်ငန်းကို လူခြေတိတ်ချိန် ညသန်းခေါင်မှာ စက်ယန္တရား အမြောက်အမြားနဲ့ ညစဉ်တူးဖော်နေတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို မမုံကျေးရွာက လောပန်း ကျော်ဝင်းက ဦးဆောင်ကိုင်နေတာလို့ အဲဒီတရားမဝင် ကျောက်တူးတဲ့ လုပ်ငန်းထဲမှာပါဝင်နေတဲ့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုကနေရရှိတဲ့ အကျိုးအမြတ်ရဲ့ ဆယ်ပုံတပုံကို ခြေမြန်တပ်မ ၃၃ တပ်မမှူးကို ပေးရတဲ့အပြင် ဖားကန့်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင်တွေကိုလည်း အလားတူ ဆယ်စုတစုပေးရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

လက်ရှိ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ လုပ်နေတဲ့ မက်လင်ချောင် YTT တောင်ကုန်းဟာ ၂၀၁၆ ခုနှစ်အစောပိုင်းက ကမ္ဘာ့အကြီးဆုံး အရည်သွေးမြင့် အသားကျောက်၊ ကျောက်စိမ်းတုံးကြီး ထွက်ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

အဆိုပါ ကျောက်စိမ်းတုံးကြီးထွက်ရှိပြီးကတည်းက ဒီတောင်ကုန်းက ကျောက်စိမ်းလုပ်ကွက် အများစုဟာ လုပ်ကွက်တူးဖော်ခွင့်သက်တမ်းတွေ ကုန်ဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။

အခုအခါမှာ စက်ယန္တရားကြီးတွေနဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်ခဲ့တာကြောင့် ကျောက်စိမ်းကျောက်ကောင်းထွက်တဲ့ ကျောက်ကြော ဧကပေါင်းများစွာဟာ ဆုံးရှုံးနေပါတယ်။

ဧပြီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ တပ်တွေဟာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို စံဖဲချောင်းအပါအဝင် ကျောက်စိမ်း မှော်တော်တော်များများမှာ ညစဉ်လိုလို လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024