မြစ်ကြီးနားဆွေးနွေးပွဲ နိုင်ငံရေးမူဘောင်နှင့်အပစ်ရပ်စဲရေး အကျေအလည် ဆွေးနွေး
DVB
·
November 4, 2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုဝင်လာလ ၄ ရက်နေ့ မနက်ပိုင်းက စတင် ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးနိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာ မူဘောင်တွေ ချမှတ်ရေးဆိုတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်ထဲပါတဲ့ အချက်နဲ့ အစိုးရဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ချမှတ်ဖို့ ဆိုတဲ့ အချက် ၂ ချက်ကို နှစ်ဖက် အကျေအလည် ညှိနှိုင်းကြမှာဖြစ်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မဂျယ်ခန်းမမှာ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဒီအကြောင်းအရာ ၂ ခုကို ဒီနေ့ အဓိကထား ဆွေးနွေးကြမယ်လို့ အဲဒီမှာ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အစရှိတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ဘက်က ဦးဆွမ်လွတ်ဂမ်၊ ဒု စစ်ဦးစီးချုပ် ဦးဂွမ်မော် တို့တက်ရောက်ခဲ့သည်။
ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေအဖြစ် မွန်ပြည်သစ်ပါတီက နိုင်ဟံသာ၊ ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်ချုပ်မူတူးစေးဖိုးတို့ အပါအ၀င် ကရင်နီ၊ ရှမ်း၊ ချင်း၊ ပအို့ဝ် စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မြန်မာပြည်ရဲ့ နှစ်ပေါင်း ၆၀ အတွင်း သမိုင်းဝင်တွေ့ဆုံပွဲတခု ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
နှစ်ဖက် ဆွေးနွေးနေတဲ့အနေအထားတွေအရ၊ မိန့်ခွန်းစကားနဲ့ မိတ်ဆက်စကားတွေအရ အတော်အားရစရာကောင်းတဲ့ အနေအထားတခုအဖြစ် မြင်တွေ့ရတယ်လို့ ပြောပါတယ်။
လက်နက်ကိုင်တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက ဒီဆွေးနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေ လုပ်နည်းလုပ်ဟန်အပိုင်းမှာ ကွာခြားနေကြောင်းနဲ့ တိုင်းပြည်အတွက် စေတနာထားလုပ်ဆောင်ရုံနဲ့ မပြီးဘူးလို့ ပြောဆိုသွားပါတယ်။
ဒီနေ့ မနက်ပိုင်း ဆွေးနွေးပွဲမှာ မီဒီယာသမားတွေကို ၀င်ခွင့်ပေးပေမယ့် ညနေပိုင်းမှာ ၀င်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လိုင်ဇာဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၁၁ ချက်ကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
မနေ့က လိုင်ဇာကနေ ကချင်ပြည်နယ် မြစ်ကြီးနားဆွေးနွေးပွဲကို လာရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေရဲ့ ကားအစီး ၆၀ လောက်ကို လမ်းတလျှောက် သောင်းချီရှိတဲ့ လူထုက တိုင်းရင်းသားအဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့ ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။