မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ဖိအားပေးအရေးယူရန် အမေရိကန်နှင့် ဂျပန် ကတိပြု

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်ဖိအားပေးအရေးယူမယ်လို့ အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင် ၂ ဦးက ကတိပြုလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲနဲ့ အမေရိကန်သမ္မတ ဂျိုးဇက်အာဘိုင်ဒင်တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီးနောက် ခေါင်းဆောင် နှစ်ဦးက အမေရိကန်-ဂျပန် မိတ်ဖက်လက်တွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်ကို ဧပြီ ၁၆ ရက်က ထုတ်ပြန်ရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ဖော်ပြထားတာပါ။
“မြန်မာစစ်တပ်နဲ့ရဲတွေရဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာတွေကို မိမိတို့ ပြင်းပြင်းထန်အထန် ကန့်ကွက်ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေအားလုံးကိုပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီအမြန်ဆုံးပြန်လည်အသက်သွင်းရေး ဆက်လက်ဖိအားပေးအရေးယူဖို့အတွက် မိမိတို့ကတိပြုပါတယ်”လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယား နယူးကလီးယားအစီအစဉ် အပြည့်အဝဖျက်သိမ်းစေရေး လုပ်ဆောင်ဖို့ ကတိကဝတ်ကို နှစ်နိုင်ငံစလုံးက ထပ်လောင်း အတည်ပြုလိုက်ပြီး မြောက်ကိုရီးယား အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ အသုံးပြုခွင့်၊ ကွဲပြားခြားနားခွင့်နဲ့ ရှင်သန်ခွင့်တို့အတွက် အမေရိကန်နဲ့ ဂျပန်တို့အနေနဲ့ Quad အဖွဲ့ကနေတဆင့် ဩစတြေးလျနဲ့ အိန္ဒိယအပါအဝင် မဟာမိတ်တွေ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်ဒို-ပစိဖိတ်ဒေသမှာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ အဓိကကျတဲ့ အနေထားကို အားပေးထောက်ခံသလို အင်ဒို-ပစိဖိတ်ဒေသပေါ် အာဆီယံရဲ့ သဘောထားအမြင်ကို ထောက်ခံတယ်လို့လည်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။
Photo- Japan Gov