ဆီရီးယားဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ရိက္ခာ ၃ ဒဿမ ၃ သန်း ကူညီထောက်ပံ့

အောက်တိုဘာလအတွင်းမှာ ကုလသမဂ္ဂက ဆီရီးယားဒုက္ခသည်တွေအတွက် ရိက္ခာ ၃ ဒဿမ ၃ သန်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အရင်လက တန်ချိန်၂ ဒဿမ ၇ သန်း ထောက်ပံ့ပေးတာနဲ့ နှိုင်းယှဉ်ရင် စံချိန်တင်အောင် များခဲ့ပေမယ့် စစ်မြေပြင်ထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေက စားစရာမရှိ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒီပမာဏဟာ ၂၀၁၁ ခုနှစ်ကစလို့ ဆီရီးယားမှာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ (WFP) က ထောက်ပံ့ခဲ့တာတွေကို ပြန်ကြည့်ရင် အများဆုံး ပမာဏ ဖြစ်ပေမယ့် လူ ၄ သန်းကို ရိက္ခာထောက်ပံ့နိုင်ဖို့ မျှော်မှန်းချက်ကို မပြည့်မီသေးဘူးလို့ ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ WFP ပြောခွင့်ရသူ အဲလီဇဘက် ဘိုင်ယာက ပြောပါတယ်။ အောက်တိုဘာလအတွင်း တိုက်ပွဲတွေနဲ့ မလုံခြုံတဲ့အခြေအနေကြောင့် အာလစ်ပိုနဲ့ ဟာစာခါ ပြည်နယ်ထဲက ပြည်သူတွေကို လက်လှမ်းမမီဘူးလို့ ပြောပါတယ်။ ပြည်တွင်းစစ်တွေ ပြင်းထန်နေတာကြောင့် ဒေသ ၃၈ ခုဆီကို ရိက္ခာတွေ မပို့နိုင်ဘူးလို့ ဆိုပါတယ်။ ဒီလို မရောက်နိုင်တဲ့ နေရာထဲမှာ ဒမာစကတ်မြို့အစွန်က မိုအူယာ ဒါမီယာမြို့ဆီကို  လွန်ခဲ့တဲ့နှစ်အတွင်း ၉ ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ ပဋိပက္ခအတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စိုးရိမ်တယ်၊ သူတို့အတွက် ရိက္ခာတွေ အရေးတကြီးလိုအပ်နေတယ်၊ ကလေးတွေ အာဟာရ ပြတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေလို့ စိုးရိမ်တယ်လို့ WFP ပြောခွင့်ရသူက ဆိုပါတယ်။ ဒီအတောအတွင်းမှာ ဆီးရီးယားအစိုးရနဲ့ သူပုန်တပ်တွေ ရှားရှားပါးပါး ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့အတွက် အောက်တိုဘာ၂၉ ရက်နေ့မှာ ဒမာစကတ်မြို့အစွန်က မိုအူယာ ဒါမီယာမြို့မှာ ပိတ်မိနေတဲ့ အရပ်သား ၁၈၀၀ ကျော် ထွက်လာနိုင်ပေမယ့် ထောင်နဲ့ချီတဲ့ ပြည်သူတွေကတော့ ရိက္ခာ၊ ရေ၊ ဆေးဝါး အနည်းအကျဉ်းနဲ့ပဲ အဲဒီမြို့ထဲမှာ ပိတ်မိနေတုန်းပါပဲ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up