မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ ၁၄ ဦးကို ခုံရုံးတင်မှာကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်

အီဂျစ်နိုင်ငံမှာ ရာထူးကနေ ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီနဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့က အကြီးတန်းခေါင်းဆောင် ၁၄ ယောက်ကို တနင်္လာနေ့မှာ ခုံရုံးတင်တော့မှာမို့ နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေပါတယ်။ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူတွေဟာ သမ္မတဟောင်း မော်စီကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ကိုင်ရိုမြို့မှာ ဆန္ဒပြနေကြပါတယ်။ မော်စီကို ထောက်ခံတဲ့ မဟာမိတ်အဖွဲ့က ဆော်ဩထားတဲ့အတိုင်း မြို့ငယ်တချို့မှာလည်း အစ္စလာမစ်ဝါဒီ ထောင်ပေါင်းများစွာဟာ  ဆန္ဒပြကြပါတယ်။ အလက်ဇန်ဒရီးယားမြို့မှာလည်း  မြို့ခံတွေနဲ့ မော်စီထောက်ခံသူတွေ ပဋိပက္ခ ဖြစ်ပြီး လူ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ နောက်ဆုံးမှာ လုံခြုံရေးအဖွဲ့က ၀င်ထိန်းခဲ့ရတယ်လို့ လုံခြုံရေး အရာရှိတယောက်က ပြောပါတယ်။ အစ္စလာမစ်ဝါဒီ ၁၃ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ ကိုင်ရိုမြို့ရဲ့ ဂိုင်ဇာ အယ် စူးအက် မြို့နယ်ထဲမှာလည်း ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မော်စီကို ရုံးတင်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။ မော်စီကို စွပ်စွဲထားတဲ့ စွဲချက်တွေထဲမှာ ဒီဇင်ဘာလက သမ္မတလုပ်ပိုင်ခွင့် အာဏာတွေ ချဲ့ယူတာကို မကျေနပ်တဲ့ အတိုက်အခံတွေက သမ္မတအိမ်တော် အပြင်ဘက်မှာ ဆန္ဒပြကြရင်း ပဋိပက္ခဖြစ်ပြီး လူ ၁၂ ယောက်လောက် သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်နေပါတယ်။ သမ္မတဟောင်း မော်စီကို ဇူလိုင်လကတည်းက လျှို့ဝှက်နေရာမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ အစ္စလာမစ် စစ်သွေးကြွတွေကလည်း ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ လုံခြုံရေးအဖွဲ့တွေကို နေ့တိုင်းနီးပါး တိုက်ခိုက်နေတာကြောင့် အစ္စလာမစ်တွေရဲ့ ဆူပူသောင်းကျန်းမှုတွေ အီဂျစ်နိုင်ငံက တခြား ဒေသတွေကို ပျံ့နှံ့သွားမှာ စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up