အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းပြည်ရဲ့ ကြားကာလ အစီအမံ အကောင်အထည်ဖော် ဆောင်ရွက်နေတာကို အပြည့်အဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသားများရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြားတိုင်းရင်းသားတွေနဲ့ ယှဉ်တွဲနေထိုင်သွားဖို့ ရည်ရွယ်တာကြောင့် ကြားကာလမှ စတင်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ကရင်နီပြည်မှာရှိတဲ့ ရွေးကောက်ခံ အမတ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အပါအဝင် ဘက်အသီးသီးက အင်အားစုတွေနဲ့ ဧပြီ ၉ ရက်နေ့က ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။
KSCC အနေနဲ့ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်မှာဖြစ်ပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတာတွေ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တွေကို လမ်းညွှန်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါ့ပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ KSCC က ထုတ်ပြန်ထားပါတယ်။