ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအနီးမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်စခန်းကို ဧပြီ ၁၇ ရက် ဒီနေ့မနက်က လက်နက်ကြီးနဲ့ အပစ်ခံရပြီး လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရမှု အခြေအနေကို စစ်ကောင်စီဘက်က သတ်းထုတ်ပြန်ခြင်းမရှိသေးဘဲ လေယာဉ်ကွင်းတစ်လျှောက် စစ်သားတွေနဲ့ ရဲတွေက လှည့်လည် စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ်လောက်ကြားရပြီး လက်နက်ကြီးတစ်လုံးကတော့ မော်ဖောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၁ ဦး ပေါင်မှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြား တောင်ပေါ်ဒေသတွေမှာ အကြမ်း ဖက်စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ လေတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်
ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း၊ ပူတာအို၊ ဗန်းမော်အပြင် မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်နယ်ဘက်က ဒေသတချို့မှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ အကြားတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။