မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်လွှတ်ပေးရာမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်သုံးဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ လွတ်မြောက်လာတယ်လို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အခွင့်ထူးခံဖြစ်နေမှုတွေကို သံချပ်နဲ့ ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
အခုလွတ်မြောက်လာသူတွေထဲက ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းတို့ကတော့ ထောင်ဒဏ်ခြောက်နှစ်စီ ချခံထားရပြီး ကိုပိုင်ရဲသူကတော့ ထောင်ဒဏ် ၅နှစ်ခွဲ ချခံခဲ့ရတာပါ။
အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၃၄၀၇ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ လွှတ်ပေးတယ်ဆိုပြီး ကြေညာထားပါတယ်။