မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းရွာမှာ ဧပြီ ၁၄ ရက် ညနေပိုင်းက စစ်တပ်ကဝင်လာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွလှုပ်ရှားသူလို့ ယူဆတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးသွားပါတယ်။
"အိမ်တိုင်တွေကို လွှစက်နဲ့ ဖြတ်သွားတာ။ ဈေးဆိုင်တွေကလည်း မုန့်ထုပ်ပါမကျန် ယူသွားကြတယ်။ လူတွေကတော့ ရှောင်နေကြလို့ မိမသွားဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။
ပျဉ်းချောင်းနဲ့ တဖက်တချက် ကြို့ချောင်းရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင် ဒလန်တွေ ဦးဆောင်လမ်းပြခေါ်လာတဲ့ စစ်တပ်က လူတချို့ကို လာရောက်ရှာဖွေခဲ့ပြီး မတွေ့တာကြောင့် နေအိမ် ၇ လုံးကို ဖျက်ဆီးခဲ့ပါတယ်။
ဒါကြောင့် သူတို့အပြန်မှာ ဒေသခံတွေကလည်း ရွာခံကြံ့ခိုင်ရေးပါတီဝင်နေ အိမ် ၈ လုံးကို ပြန်ဖျက်လိုက်ပြီးတဲ့နောက် အခုလို ပြည်သူတွေရဲ့အိမ်တွေကို ဖျက်ဆီးခံခဲ့ရတာပါ။