Home
မြန်မာသတင်း
၂လခွဲအတွင်း ကျဆုံးပြည်သူ ၇၂၆ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ အယောက် ၂၀ ရှိ
DVB
·
April 16, 2021

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၂ လခွဲအတွင်း စစ်အုပ်စုရဲ့ အ ကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၂၆ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၅ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၁၅၁ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၇၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၈၁၃ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ်သေဒဏ်၊ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသူတွေဖြစ်တယ် လို့ ဆိုပါတယ်။

အတာသင်္ကြန် တတိယမြောက်နေ့ဖြစ်တဲ့ ဧပြီ ၁၅ ရက်မှာတော့  စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာမြို့ သာစည်လမ်းဆိုင်ကယ်သပိတ်ကို အကြမ်းဖက်စစ်အုပ်စုက ဖြိုခွင်းခဲ့ကြ ပြီး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို လိုင်စင်မဲ့ကားနဲ့ တိုက်ကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားချိန်အတွင်း ကားနဲ့တိုက်ခံထားရတာ၊ ရိုက်နှက်ခံထားရတာတွေ ကြောင့် ကိုဝေမိုးနိုင် ဆေးကုသခွင့်ရရှိရေးနဲ့ ပတ်သက်ပြီးတော့ အေအေပီပီအနေနဲ့ အ လွန်အမင်း စိုးရိမ်မိကြောင်းလည်း ဖော်ပြထားပါတယ်။ မုံရွာမှာပဲ တခြားသော လူငယ်တ ချို့ဟာလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရကြောင်းနဲ့ အာဏာရှင်အဆက်ဆက် သူတို့ကို ဆန့်ကျင်တဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကြောရေးမှာ နည်းအမျိုးမျိုးနဲ့ စစ်ဆေးခဲ့တဲ့ သာဓက များစွာ ရှိခဲ့ပြီးဖြစ်တဲ့အတွက် ဖမ်းဆီး ချုပ်နှောင်ထားချိန်အတွင်း လုံခြုံခွင့်နဲ့ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ခွင့် ရရှိရေးအတွက် ကာကွယ် စောင့်ရှောက်မှု ရရှိဖို့ဟာလည်း အလွန်အမင်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာတော့ ကျန်းမာရေးမိသားစုသပိတ် ဖြိုခွင်းခံခဲ့ရပြီး စစ်ကြောင်းမှာ ပါဝင်သူ အနည်းဆုံး ၆ ယောက်နဲ့ ဒေသခံအယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အေအေပီပီက ဆိုပါတယ်။ အဲဒီလို ဖြိုခွင်းခဲ့ပြီးနောက် အနီးအနား ရပ်ကွက်တွေထဲ ဝင် ရောက်ပစ်ခတ်ခဲ့ပြီး ဆူးလေဗလီဝင်းအတွင်းကိုပါ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ယောက် ပွဲချင်းပြီး ကျဆုံးသွားခဲ့ကာ မသန်စွမ်း အမျိုးသား ၁ ယောက်အပါအဝင် အပြင်း အထန် ထိခိုက်ဒဏ်ရာရရှိသူ ၂ ယောက်ရှိတယ်လို့ ကနဦး သိရှိရပါတယ်။ ဒါ့အပြင် ၁၀ နှစ်၊ ၁၁ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ် လို့ ဆိုပါတယ်။

ဘာသာရေး နေ့ထူးနေ့မြတ်ကာလတွေအတွင်း တချို့စစ်ပွဲတွေကို ရပ်တန့်ထား လေ့ရှိပေမယ့် မြန်မာအကြမ်းဖက်စစ်အုပ်စုကတော့ ပြည်သူတွေကို အကြမ်းဖက် ရမ်းကားသတ်ဖြတ်မှုတွေ ရပ်တန့်မှုမရှိဘဲ ဆက်လက် ကျူးလွန်နေကြတယ်လို့ အေအေပီပီ က ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ လူမြင်ကွင်းမှာ ညှဉ်းပန်းနှိပ်စက်ပြီး လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဖို့အတွက်လည်း လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့၊ ဗိုလ် တစ်ထောင်မြို့နယ်မှာ အငှားယာဉ်တစီးကို စစ်ကားတစီးက နောက်ကနေ ဝင်တိုက်ခဲ့ပြီး အငှားယာဉ်ပေါ်ပါ လူငယ် ၃ ယောက်ကို ဆွဲချကာ ရိုက်နှက်၊ ဆဲဆိုတဲ့အပြင် အငှားယာဉ်ကို သိမ်းတာ၊ ကားဆရာနဲ့ အဆိုပါ လူငယ်တွေကို ဖမ်းဆီးကာ အနီးနားရှိ တိုက်တွေကို ဆဲဆို ကြိမ်းမောင်းသွားတာတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ညကလည်း ရန်ကုန်မြို့၊ သမိုင်း ၂ ရပ်ကွက်မှာ သံပုံးတီးနေတဲ့ ပြည်သူ ၁ ယောက်ကို ဖမ်းဆီးသွားပြီး သံပုံးတီးခိုင်းကာ ရိုက်နှက်ဆဲဆိုဖမ်းဆီးသွားတဲ့အပြင် ပြည်သူတွေကို အော်ဟစ်ခြိမ်းခြောက်တာတွေကို ကျူးလွန်ခဲ့ကြတယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို တရားစွဲဆို ဖမ်းဝရမ်း ထုတ်တာတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေကြပြီး ဒီကနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ကို ရဲအင်အားအမြောက်အမြားနဲ့ ဖမ်းဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြား ဖို့လည်း အသိပေးထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024