အမေရိကန်ရဲ့ ဖုန်းကြားဖြတ်နားထောင်မှု ခိုင်လုံတဲ့အကြောင်းပြချက်ရှိစေလို
DVB
·
November 1, 2013
နိုင်ငံတနိုင်ငံက ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို ထောက်လှမ်းပြီး နိုင်ငံသားတွေရဲ့ အီးမေလ်း တယ်လီဖုန်းတွေကို ကြားဖြတ်နားထောင်မယ်ဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက တုံ့ပြန်ပါတယ်။
ကမ္ဘာတ၀န်းမှာ အမေရိကန် အစိုးရက သံတမန်ရေးနဲ့ ပတ်သက်ပြီးတော့ နေရာ ၉၀ လောက်ကို စောင့်ကြည့်ထောက်လှမ်းမှုတွေ လုပ်နေပြီး ဒီအထဲမှာ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံတွေ ပါဝင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အရာရှိဟောင်း အက်ဝပ်စနိုဒင်က ပြောဆိုခဲ့မှုအပေါ် အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ချက်ဟာ နိုင်ငံတကာ ကျင့်ဝတ်နဲ့ မညီဘူးလို့ မြန်မာအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာ နက ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်က ဒီဗွီဘီကို အခုလို ပြောပါတယ်။
“ကျနော်တို့လည်း အခု နိုင်ငံတကာမီဒီယာတွေမှာ ပါသလောက်ပဲ ကျနော်တို့ သိတာပေါ့နော်။ ကျနော်တို့က ဘာကိုပဲပြောချင်သလဲဆိုတော့ သူတို့ကိုဝေဖန်နေတဲ့ ဥရောပသမဂ္ဂတို့ သူတို့ရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ ဘရာဇီးတို့ မက်ဆီကိုတို့က ပြောသလိုပဲ နိုင်ငံတနိုင်ငံအနေနဲ့ သူများနိုင်ငံရဲ့ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ကို ထောက်လှန်းမယ်။ ဒါမှမဟုတ် အဲဒီနိုင်ငံတွေရဲ့ ပြည်သူတွေရဲ့ အီးမေးလ်တွေ တယ်လီဖုန်းတွေကို ကြားဖြတ်နားထောင်မယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တော့ရှိသင့်တာပေါ့။ အဲဒီလိုမရှိရင်လည်း ဒါက နိုင်ငံတကာကျင့်ဝတ်နဲ့ မညီဘူး လို့ သူတို့ပြောတာပေါ့။ ဒီစကားလေးပဲ ကိုးကားပြောရမှာပဲ။ ဆိုလိုတာ သူများအိမ်ထဲ ချောင်းကြည့်ချင်ရင်တော့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရမှာပေါ့။”
အမေရိကန်ရဲ့ ထောက်လှမ်းရေး အတွက် ဩစတြေးလျ သံရုံးတွေကို အသုံးချခံနေရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး ထောက်လှမ်းခံရတဲ့ တရုတ် အင်ဒိုနီးရှား စတဲ့ အာရှ နိုင်ငံတွေက အမေရိကန် အစိုးရကို ကန့်ကွက်တာ တွေ ဩစတြေးလျ သံတမန်တွေကို ဆင့်ခေါ် တွေ့ဆုံတာတွေ လုပ်ဆောင် နေပါတယ်။
မြန်မာအစိုးရကတော့ အမေရိကန် အစိုးရဲ့ ခုလိုထောက်လှမ်းသတင်းယူတဲ့ လုပ်ဆောင်ချက်တွေဟာ အံ့ဩစရာမရှိဘူးလို့လည်း ဆိုပါတယ်။
မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က “အခုအချိန်အထိတော့ ထွက်သမျှသတင်း တော်တော်များများ ဥပမာ - ဥရောပနိုင်ငံတွေ လက်တင်အမေရိကနိုင်ငံတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ မှန်တယ်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့်လည်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့တို့ ဂျာမနီနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တို့ သွားနေရတာပေါ့ဗျာ။ သူမှာက နည်းပညာရှိတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့ နိုင်ငံတွေကို စောင့်ကြည့်မယ်ဆိုရင် အံ့ဩစရာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်၏ မသင့်၏ ကိစ္စကိုကတော့ စဉ်းစားရမှာပေါ့။”လို့ ပြောပါတယ်။
အရင်ရက်ပိုင်းကလည်း အမေရိကန် အစိုးရက ဂျာမနီနိုင်ငံခေါင်းဆောင် အန်ဂလာမာကဲလ် ရဲ့ ဖုန်းကိုကြားဖြတ်နားထောင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် အစိုးရကို ရှင်းပြဖို့ ဂျာမနီက တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။