မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ဧပြီ ၁၄ ရက်နေ့က စစ်ဘေးရှောင်ပြည်သူတွေဟာ သူတို့ နေထိုင်ရာကျေးရွာတွေရှိ နေအိမ်တွေကို စွန့်ခွာပြီး မြို့ပေါ်က ဆွေမျိုးမိတ်ဆွေတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ လာရောက် ခိုလှုံနေ ကြရပါတယ်။
စစ်သားတွေက ရွာထိပ်ကဘုန်းကြီးကျောင်းမှာတပ်စွဲထားပြီး တိုက်ပွဲ ဖြစ်နိုင်တာကြောင့် ရွာသူရွာသားတွေကို ဘေးလွတ်ရာရှောင်ထားဖို့ သတိလာပေးတာကြောင့် စစ်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧပြီလ ၁၂ရက်ညက မိုးကုတ်မြို့နယ်ထဲက ကျေးရွာတချို့အနီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေပစ်ခတ်မှုဖြစ်လို့ လက်နက်ကြီးသံတွေ ကြားရတာကြောင့် ဒေသခံပြည်သူတွေဟာ ခုလိုကြိုတင် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။