Live
Home
မြန်မာသတင်း
မြစ်ကြီးနားဆွေးနွေးပွဲ ရက်ရွေ့
နော်နိုရင်း
·
November 1, 2013
ကချင်ပြည်နယ် လိုင်ဇာမှာ ပြုလုပ်တဲ့ တိုင်းရင်းသားညီလာခံ မပြီးပြတ်သေးတဲ့ အတွက် မြစ်ကြီးနားမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အစိုးရနဲ့ ကချင်အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက် ရပါတယ်။ လက်ရှိ လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားပေါင်းစုံ ညီလာခံကနေ ရလာမယ့် မူကြမ်းပေါ် မူတည်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့မှာ တွေ့ဆုံဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုင်ဇာညီလာခံ မပြီးသေးတဲ့အပေါ် ၁ ရက် နောက်ဆုတ်လိုက်တာ ဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ဒီဗွီဘီကို အခုလို ပြောပါတယ်။ “လိုင်ဇာဆွေးနွေးပွဲမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ညီလာခံကနေပြီးတော့ သူတို့ရလာမယ့် မူကြမ်းတခု ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ မူကြမ်းကို ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက အဖွဲ့ဝင်များနဲ့ မြစ်ကြီးနားမှာ တွေ့မှာပါ။ ကျနော်တို့ဘက်က ပထမ အဆိုပြုထားတာက ကျနော်တို့ ၂ ရက်နေ့ ရောက်မယ် ၂ ရက်နေ့ ညနေပိုင်းမှာ အလုပ်အဖွဲ့ဆွေးနွေးပွဲလုပ်လိုပါတယ်။ အဲဒါပြီးရင်တော့ ၃ ရက် ၄ ရက်နေ့မှာ ဆွေးနွေးပွဲတွေလုပ်ပြီး အရံရက်အဖြစ် ၅ ရက်နေ့ကို သတ်မှတ်ဖို့ ၀န်ကြီးဦးအောင်မင်း ဘက်က အဆိုပြုထားပါတယ်။ ဒါပေမယ့် လိုင်ဇာမှာ ဆွေးနွေးနေတဲ့ ပုံစံအရတော့ တရက် အနောက်ရွေ့ ရမယ်လို့ ထင်ပါတယ်။ ကျနော်တို့က ၃ ရက်နေ့ညနေမှာမှ အလုပ်အဖွဲ့ ဆွေးနွေးပွဲလုပ်ပြီး။ ၄ ရက်နဲ့ ၅ ရက်နေ့မှာ ဆွေးနွေးပွဲလုပ်ပြီး ၆ ရက်နေ့က အရံရက် အဲဒီလိုဖြစ်သွားပါတယ်။” လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ဆွေးနွေးပွဲဟာ ကေအိုင်အိုတဖွဲ့ထဲနဲ့ သီးသန့် ဆွေးနွေးမှာ မ ဟုတ်ဘဲ တခြား တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင် ဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။ လိုင်ဇာ တိုင်းရင်းသားညီလာခံကိုလည်း နိုဝင်ဘာ ၂ ရက်နေ့မှာ အပြီး အဆုံးသတ် နိုင်အောင် လုပ်ဆောင်နေကြောင်းလည်း နှစ်ဖက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲတွေရဲ့ ဆက်သွယ်ချက်အရ သိရကြောင်းလည်း ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ပါဝင် ဆွေးနွေးနေတဲ့ လိုင်ဇာ တိုင်းရင်းသား ညီလာခံကို အောက်တိုဘာ ၃၀ ရက်ကတည်းက စတင် ကျင်းပနေတာ ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘောထားရပ်တည်ချက် တရပ် ချမှတ်နိုင်ဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024