စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံတဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားဖော်ပြခဲ့တဲ့ ကြံခင်းမြို့က CDM ရဲ ၂ ဦးဟာ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ထဲမှာ ဆန္ဒပြတာကြောင့် တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း ပုသိမ်အကျဥ်ထောင်းကို ပို့ဆောင်ခဲ့ကာ မိဘတွေနဲ့ တွေ့ခွင့်မပေးတဲ့အပြင် ရဲ ၂ ဦးက ထောင်တွင်း ဆန္ဒပြနေလို့ ခုလိုတိုက်ပိတ်ခံထားရတာလို့ မိသားစု ဝင်တွေက DVB ကို ပြောပါတယ်။
"သား ၂ ယောက်က အကျဥ်းထောင်မှာ ဆက်ဆန္ဒပြတာ ဒီမိုကရေစီရရှိရေး စစ်အာဏာရှင် စနစ် အလိုမရှိ ဆိုပြီးတော့ အဲ့တာ အပြစ်ပေးခံရတာလို့ ကြားတယ်။ တိုက်ပိတ်ခံထားရတယ်လို့ ထောင်က လွတ်လာတဲ့ တစ်ယောက်က ပြောတယ်။ မိဘတွေအနေနဲ့ကတော့ သားသမီးကို မတွေ့ရတဲ့အပြင် ခုလိုသတင်းတွေ ကြားနေရတော့ စိတ်ပူမိတယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့လို့ ထောင်ရောက်ပြီး မတ်လ ၁၈ ရက်နေ့ကစတင်ကာ ဒီမိုကရေစီရရှိရေးနဲ့ အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့လို့ ထောင်က သုံးပွင့်နဲ့အရာရှိက မျက်နှာတွေကို လက်သီးနဲ့ထိုးပြီး တိုက်ပိတ်ခဲ့ကာ လွန်ခဲ့တဲ့ ၃ ရက်ကမှ ဒေါက်ပြန်ဖြုတ်ပေးခဲ့ တာလို့ ဆိုပါတယ်။
ရဲ ၂ ဦးကို ပုသိမ်အကျဥ်းထောင်မှာ ထောင်ချထားတာဖြစ်ပြီး မိဘတွေက စုံစမ်းသိရလို့ လိုက်လာခဲ့ပေမယ့် သား ၂ ဦးနဲ့တွေ့ခွင့်မရတာ ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။
သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။