ထားဝယ်စီးပွားရေးဇုန် အကောင်ထည်ဖော်ရေး ထိုင်း-မြန်မာ ပင်မကုမ္ပဏီ ထူထောင်မည်
DVB
·
November 1, 2013
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် မြန်မာနဲ့ ထိုင်း ကုမ္ပဏီတွေ ပူးပေါင်းပြီး ပင်မကုမ္ပဏီ ၁ ခု ထူထောင်ကာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ပြီး စီမံကိန်း ချေးငွေ ရှာဖွေသွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဟံစိန်က ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ ကုမ္ပဏီတွေ ပါဝင်မယ့် အဲဒီ ပင်မ ကုမ္ပဏီကို ထိုင်းမှာ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းပြီး ထိုင်းနိုင်ငံရဲ့ငွေကြေးဈေးကွက်မှာ အစုရှယ်ယာတွေ ရောင်းချပြီး အရင်းအနှီး ပိုရလာနိုင်မယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
နောက်ပိုင်း မြန်မာနိုင်ငံမှာ စတော့ရှယ်ယာ ဈေးကွက်ရှိလာတဲ့အခါ မြန်မာနိုင်ငံမှာလည်း စတော့ရှယ်ယာတွေ ရောင်းနိုင်မယ်လို့ သူက ဆိုပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး မြန်မာပြည်ဘက်ကရော၊ ထိုင်းဘက်ကပါ ရင်းနှီး မြှုပ်နှံစေလိုတဲ့ ဂျပန်နိုင်ငံရဲ့ ကတိက၀တ်ပြုမှု ဘာမှ မရတဲ့နောက် ပြည်ထောင်စုဒုဝန်ကြီးရဲ့ အခု တင်ပြချက်အသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး၊ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေး အဆောက်အဦများ၊ လူနေအိမ်ယာ၊ ဆေးရုံနဲ့ ကျောင်းတွေကို ၂၀၁၅ ခုနှစ်အတွင်း အပြီး တည်ဆောက်ဖို့ လျာထားပေမယ့် ဘဏ္ဍာငွေကြေး အခက်အခဲကြောင့် အချိန်မီ မပြီးနိုင်တော့ဘူးလို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းပြပါတယ်။