အလောဘွမ်စခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ထိုးစစ်ဆင် နေပေမယ့် ကေအိုင်အေတပ်တွေက ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ကေအိုင်အေ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေတပ်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရာမှာလည်း တရုတ်လေပိုင်နက်ကို အသုံးပြု ဝင်ရောက်ပစ်ခတ်တာတွေ ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အလောဘွမ်တပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကတည်းက ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ တပ်မတော်ဘက်က စခန်းကုန်းပြန်လည်ရရှိရေး ကုန်းကြောင်းရော၊ လေကြောင်းနဲ့ပါထိုးစစ်ဆင်နေတာပါ။
ဒီနေ့မှာဆိုရင်လည်း ထမင်းစားချိန်လောက်သာ ခဏငြိမ်ခဲ့ပြီး ကျန်အချိန်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်လို့ ဆိုပါတယ်။
အလောဘွမ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးတစ်ယောက်လည်း သေသွားတယ်လို့ အပြင်မှာ သတင်းထွက်နေတာနဲ့ပတ်သက်ပြီး မှန်ကန်မှုရှိမရှိ အာဏာသိမ်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။