ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဧပြီ ၁၁ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံခဲ့ထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။
ဒေသခံ ကျောင်းသားလူငယ်တွေက “ Release Our Students“ စာတန်း ကိုင်ဆောင်ကာ ဖမ်းဆီးခံ ကျောင်းသားအားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
ဗန်းမော်ခရိုင်အတွင်း ဖမ်းဆီးခံ ပြည်သူ ၂၃ ယောက်ရှိပြီး ပညာသင်ကြားဆဲ ကျောင်းသား ၄ ယောက်ပါဝင်ပါတယ်။
သူရိန်လင်း(ခ)ဘောလုံး YUFL (နိုင်ငံခြားဘာသာတက္ကသိုလ်- ရုရှားဘာသာမေဂျာ)က မတ်လ ၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အစိုးရနည်းပညာတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ နင်ဂျားလော့်(EC မေဂျာ)၊ စိုင်းလင်းထက်ကျော် (ECမေဂျာ)၊ သိန်းငွေ (EC မေဂျာ) တို့ ၃ ယောက်က မတ်လ ၂၇ ရက်နေ့မှာ အဖမ်းခံရကာ ဗန်းမော်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထားရပါတယ်။