မီတာခ တိုးကောက်မှု သာမန်ပြည်သူ ၇၀ ရာခိုင်နှုန်း မထိခိုက်ဟုဆို
DVB
·
October 31, 2013
လက်ရှိ မီတာခ တိုးမြှင့်ကောက်ခံမှုဟာ သာမန်ပြည်သူ ၇၀ ရာခိုင်နှုန်းကို လုံးဝ ထိခိုက်မှု မရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သတင်းမီဒီယာတွေကို ပြောပါတယ်။
အောက်တိုဘာ ၃၀ နေ့မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မီတာခ တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူက လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို လေ့လာပြီး ဖြစ်ကြောင်း ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မီတာ ယူနစ် ၁၀၀ အောက်သုံးတဲ့ ပြည်သူတွေ ဖြစ်တာကြောင့် နဂို မူလအတိုင်း ဘာမှ ထိခိုက်မှု ရှိမှာ မဟုတ်ကြောင်း ပြောဆိုပါတယ်။
မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရဲ့ ညွှန်မှူး ဦးမြင့်အောင်ကတော့ ရေခဲသေတ္တာ နဲ့ အဲကွန်းသုံးတဲ့သူတွေသာ မီတာ ယူနစ် ၁၀၀ ကျော် သုံးတဲ့အတွက် အဲဒီ ပြည်သူတွေပဲ မီတာခ ပိုပေးရမယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရက အသစ်သတ်မှတ်လိုက်တဲ့ မီတာခ နှုန်းထားသစ်အရ ပြည်သူတချို့ဟာ မီတာခ ၃၀ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းငယ်လေးတွေဟာ မီတာခ ၃၃ ရာခိုင်နှုန်း၊ စက်မှု လုပ်ငန်းကြီးတွေနဲ့ ဟိုတယ်၊ ပုဂ္ဂလိကဆေးခန်းတွေနဲ့ ရုပ်ရှင်ရုံတွေကတော့ နဂို မီတာခရဲ့ ၂ ဆ ပိုမိုကုန်ကျကြမှာ ဖြစ်ပါတယ်။