စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဧပြီ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေပြီး ပြည်သူ ၂ ဦးကျဆုံးသွားတယ်လို့ ကူးကီးအမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။
မနေ့ နေ့လယ်ပိုင်းက တမူးမြို့ အလောင်းဘုရားလမ်းမှာ ပြည်သူတွေ တားဆီးထားတဲ့ ခံတပ်ကို အကြမ်းစစ်တပ်က ဖြိုခွင်းချိန် ဒေသခံကူးကီးလက်နက်ကိုင်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေပူးပေါင်းကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူဘက်ကတော့ တိုက်ပွဲဖြစ်ချိန် ၁ ဦးကျဆုံးခဲ့ပြီး အာရှလမ်းမပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ အပြစ်မဲ့ပြည်သူ ၁ ဦးလည်း စစ်တပ်က ပစ်ခတ်လို့ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
တမူးဒေသခံတစ်ဦးက “ တမူးမြို့သပိတ်ခံတပ်ကို အကြမ်းဖက်စစ်တပ်က အရင်လာဖြိုခွင်းတာက စဖြစ်တာပါ။ အလောင်းဘုရားလမ်းက ခံတပ်ကို နေ့လယ် ၁၂ နာရီဝန်းကျင်ဖြိုခွင်းတာပါ။ အဲဒီကနေ အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ ပြည်သူတွေဘက်က ခံ ပစ်တယ် ပထမတစ်ကြိမ် နေ့လည်ခင်း ဒုတိယတစ်ကြိမ်က ညနေ ၃ နာရီလောက်စဖြစ်တယ်။ ဗုံးသံတွေကြားရတယ်။ အကြမ်းစစ်တပ်ဘက်အထိနာတယ်။ ပြည်သူတွေဒဏ်ရာရတဲ့သူတွေများတယ်” လို့ ပြောပါတယ်။
မနေ့ည ၈ နာရီဝန်းကျင်မှာတော့ တမူးမြို့က ပြည်သူတွေရဲ့ နေအိမ်တစ်လုံး မီးရှို့ခံရတယ်လို့သိရပါတယ်။
“အခုက အကြမ်းဖက်စစ်တပ်က လူနေအိမ်တစ်လုံးကို မီးရှို့သွားတယ်။ အခုမီးရှို့ခံရတဲ့ အိမ်က ဦးသာထင်လမ်းဆုံက ဦးသဲဖေတိုက်ပါ။ လူတွေထိခိုက်တာမရှိဘူး။ မီးလောင်တဲ့ အိမ်ကို ပြည်သူတွေက မီးငြှိမ်းဖို့သွားလုပ်တယ်။ အကြမ်းစစ်တပ်က ထွက်လာတဲ့သူသေနတ်တွေ ပစ်တယ်။ ဘယ်သူမှ မသွားရဲဘူး။ အဲဒီအိမ်က အကုန်မီးလောင်ပြီး ပြာကျသွားပြီ”လို့ တမူးဒေသခံတစ်ဦးကပြောပါတယ်။
ဒီကနေ့ ဧပြီ ၁၁ ရက် အခုမနက် ၄ နာရီလောက်အထိ ပစ်ခတ်မှုတွေရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။