Home
ဆောင်းပါး
မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ အလျော်အစားကြီးတဲ့ တွက်ချက်မှု (ဆောင်းပါး)
DVB
·
April 10, 2021

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးအတွက် စစ်ကောင်စီဘက်က ရပ်တည်မှုဟာ ရေရှည်ပြည်တွင်းစစ်တခုကို ဖြစ်ပေါ်စေနိုင်မယ့် အလားအလာတွေရှိနေ

နှစ်လခွဲနီးပါးကြာမြင့်လာတဲ့ စစ်အာဏာသိမ်းမှု ဂယက်ကြောင့် နိုင်ငံတကာ အသိုက်အဝန်း သက်ရောက်မှုတွေမျိုးစုံရှိနေရာမှာ တရုတ်နိုင်ငံ အတွက်တော့ ထိခိုက်မှု အကြီးမားဆုံး ဖြစ်နေပါတယ်။

မစွက်ဖက်ရေးမူဝါဒလို့ဆိုပေမယ့် တရုတ်နိုင်ငံရဲ့ မဟာဗျုဟာနဲ့ စီးပွားရေး အကျိုးစီးပွားအတွက် တကယ်တမ်းကြားနေရေးမူဝါဒဟာ အကျပ်အတည်းတခုဖြစ်လာနေပါတယ်။

တရုတ်နိုင်ငံဟာ   ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းကစပြီး  စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို  ပြည်တွင်းရေးတခုအနေနဲ့သာ ရှုမြင်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်လည်အေးချမ်းတည်ငြိမ်ရေးအတွက် နိုင်ငံတကာက ကြိုးပမ်းမှုတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ထိန်းသိမ်းတည့်မတ်နိုင်ခဲ့ရင် တရုတ်နိုင်ငံ အတွက်လည်း အကျိုးအမြတ်ရှိနိုင်ပေမယ့် ဒီမိုကရေစီတန်ဖိုးနဲ့ အနောက်တိုင်းအကျိုးစီးပွားတွေ သူ့နယ်နိမိတ်နားမှာ ပျံ့နှံ့မလာဖို့ တားဆီးနိုင်မယ့် စစ်မြေပြင်တခုအနေနဲ့ ရှုမြင်ပုံက သူ့အတွက် ပိုအရေးကြီးနေတာပါ။

အကျိုးဆက်အနေနဲ့ ဘေဂျင်းအစိုးရဟာ အာမခံချက်မရှိတဲ့ စစ်အာဏာရှင်ကိုပဲ သတိကြီးကြီးနဲ့ အသိအမှတ်ပြု ထောက်ခံနေရပါတယ်။

တရုတ်ကျွမ်းကျင်သူတွေအဆိုအရတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွားကြီး ၃ ခု ရှိပါတယ်။

 ပထမတခုက တရုတ်-မြန်မာနယ်စပ် အေးချမ်းတည်ငြိမ်ရေးပါ။ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီတပ်ကြားက တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးပျက်ပြားနိုင်ခြေ ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ဒုတိယအကျိုးစီးပွားကတော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေအတွက် အိန္ဒိယသမုဒ္ဒရာဘက်ဆီ ချဲ့ထွင်နိုင်မယ့် စီးပွားရေးနဲ့ စွမ်းအင်ထွက်ပေါက်ကို ကာကွယ်နိုင်ဖို့ပါ။ 

တတိယတခုကတော့ တရုတ်ဟာ မြန်မာပြည်ပြဿနာကို နိုင်ငံတကာပြဿနာတခု မဖြစ်လာစေချင်တာပါ။ အထူးသဖြင့် သူ့နယ်နိမိတ်အနားမှာ အနောက်တိုင်း လွှမ်းမိုးမူ မရှိစေချင်ဘူး။

ဒါပေမဲ့ မြန်မာပြည် စစ်အာဏာသိမ်းမှုက  အဲဒီအချက် ၃ ချက်စလုံးကို ခြိမ်းခြောက်လာနေပါတော့တယ်။ 

အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ တရုတ်နယ်စပ် အခြေစိုက်တဲ့ TNLA တအာင်းပလောင်တပ်နဲ့ MNDA ကိုးကန့်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပေါ်လာပါတယ်။ ၂၀၁၉ ခုနှစ်က အပစ်ရပ်ခဲ့တဲ့ AA ရက္ခိုင့်တပ်တော်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေစိုးမိုးရေးပိုမိုခိုင်မာလာသလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း TNLA နဲ့ MNDA တပ်ဖွဲ့တွေဟာလည်း ခုအခြေအနေမှာ နယ်မြေစိုးမိုးမှု ခိုင်မာလာဖို့ ရှုမြင်လာကြပါတယ်။

စစ်ကောင်စီကလည်း ဒီအခြေအနေကိုလက်တုံ့ပြန်လာတဲ့နောက် ကချင်ပြည်နယ်မှာလည်း KIA နဲ့ တိုက်ပွဲတွေဖြစ်လာပြီး ကချင်ပြည်နယ်ထဲက ရဲကင်းစခန်းတွေ သိမ်းပိုက်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံအပေါ် စီးပွားရေးကုန်သွယ်ရေးနဲ့ အထောက်အပံ့တွေ အားကိုးနေရတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်အင်အားမသုံးဖို့ တရုတ်နိုင်ငံက တိုက်တွန်းပေမယ့် ပြီးခဲ့တဲ့ မတ်လအလယ်ကတည်းကစစ်ကောင်စီဟာ ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမူဟာ တိုင်းရင်းသားဒေသတွေအထိ ပျံ့နှံလာခဲ့တဲ့နောက် တရုတ်ရဲ့  တိုက်တွန်းမှုဟာ အရာမဝင်နိုင်တော့သလောက် ဖြစ်လာပါတယ်။

နယ်မြေခံလူထုရဲ့ တောင်းဆိုမှုဖိအားတွေ များပြားလာတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်း စစ်ရေးလှုပ်ရှား မှုတွေစတင်လာခဲ့ကြပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ကချင်နဲ့ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးချဲ့လာတဲ့နောက် မြန်မာပြည် လက်နက်ကိုင်ပဋိပက္ခဟာ နယ်စပ်တလျှောက် ကူးစက်လာနိုင်တယ်ဆိုတာ တရုတ်က သတိပြုမိပါတယ်။

မတ်လကုန်ပိုင်းကစပြီး တောင်ပိုင်းယူနန်ပြည်နယ် နယ်စပ်တလျှောက်မှာ ကိုဗစ်-၁၉ ကူးစက်မှု ထိန်းသိမ်းရေးဆိုပြီး နယ်စပ်ဂိတ်တွေပိတ်ပင်ရင်း လုံခြံရေးတိုးမြင့်လာခဲ့ပါတယ်။ 

စစ်အာဏာသိမ်းမှုလို့  လက်မခံခဲ့တဲ့တရုတ်အတွက်  စီးပွားရေးဘက်မှာလည်း ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေဖြစ်လာပါတယ်။ ထောင်သောင်းချီတဲ့ ဆန္ဒပြလူထုဟာ စစ်အစိုးရကို ထောက်ခံမှုရပ်ဆိုင်းဖို့ တရုတ်သံရုံးရှေ့မှာ တောင်းဆိုဆန္ဒပြကြပါတယ်။ တရုတ်အစိုးရက ဆက်လက်‌စောင့်ကြည့်နေပေမယ့် မြန်မာပြည်သူလူထုကတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ဖျက်ဆီးပစ်ဖို့အထိ ခြိမ်းခြောက်လာကြပါတယ်။

မတ်လတွင်းမှာတော့ ခြိမ်းခြောက်မှုအဆင့်ကနေ ရန်ကုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံတွေ မီးရှို့ဖျက်ဆီးခံရတဲ့အထိဖြစ်လာပြီး ကန်ဒေါ်လာ ၃၇ သန်းလောက် ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။  

တချိန်တည်းမှာ  ကူမင်းမြို့က ဒေါ်လာသန်းထောင်ချီတန်ဖိုးရှိတဲ့ ဓာတ်ငွေ့သန့်စင်စက်ရုံဆီကို ဓာတ်ငွေ့ပို့ဆောင်ပေးပြီး တရုတ်ပြည်ရဲ့ ဓာတ်ငွေ့တင်သွင်းမူမှာ ၁၃ ရာခိုင်နှုန်းလောက်ရှိတဲ့ မြန်မာပြည်ဖြတ် ဓာတ်ငွေ့ပိုက်လိုင်းကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ တောင်းဆိုသံတွေကိုလည်း မြန်မာလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ မကြာခဏတွေ့မြင်လာရပါတယ်။

တရုတ်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှဒကို  စစ်ကောင်စီက အာမခံပေမယ့် မြန်မာပြည်တွင်း မတည်ငြိမ်မှုကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဟာလည်း ထိခိုက်ခဲ့ရပြီး တရုတ်နယ်စပ်က မန္တလေးထိ ဖေါက်လုပ်မယ့် ရထားလမ်းစီမံကိန်းဟာ ရှေ့မဆက်နိုင်တော့တဲ့အပြင် မြန်မာပြည်အောက်ပိုင်းက တရုတ်ဆောက်လုပ်ရေးလုပ်ငန်းအများစုလည်း ရပ်ဆိုင်းထားရပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်ချဉ်းကပ်ပုံကို အပြောင်းအလဲလုပ်မယ်ဆိုရင် သူရင်ဆိုင်နေရတဲ့ဖိအားတွေကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ဆက်သွယ်ဆောင်ရွက်မှု မရှိသေးပါဘူး။ တရုတ်အစိုးရရဲ့ အစောပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွေမှာ မြန်မာပြည်နိုင်ငံရေး အင်အားစုတွေရဲ့ အမည်ကိုတောင် ထည့်သွင်း ဖေါ်ပြမှုမရှိခဲ့ပါဘူး။

မတ်လဆန်း ၇ ရက်က  တရုတ်အတိုင်ပင်ခံ ဝမ်ယိထုတ်ပြန်တဲ့ အချက် ၃ ချက်ပါ ကြေညာ ချက်မှာတော့ NLD ကို ထည့်သွင်းဖေါ်ပြပြီး လေသံပြောင်းလာခဲ့ပါတယ်။

သို့သော် NLD ဘက်က တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းမှုကိုတော့ တရုတ်က လက်မခံသေးပါဘူး။ CRPH ကိုလည်းအသိအမှတ်မပြုသေးပါဘူး။ CRPH ဘက်ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေအားလုံး စစ်အစိုးရကို ငွေကြေးအပေးအယူတွေ ရပ်ဆိုင်းကြဖို့ တောင်းဆိုထားပါတယ်။

မတ်လကုန်ပိုင်းမှာတော့ တရုတ်နိုင်ငံဟာ စစ်အာဏာရှင်ဘက်က ပိုမိုရပ်တည်လာပုံ ပြသလာပါတယ်။

မတ်လ ၂၂ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ နိုင်ငံတကာအင်အားစုတွေဟာ မြန်မာပြည် အခြေအနေအပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြတာကို စိုးရိမ်တဲ့အကြောင်း ဖေါ်ပြခဲ့ပြီး  ဒါကိုတားဆီးရမယ်လို့လည်း ဆိုထားပါတယ်။

အဲဒီနောက်ပိုင်း ဧပြီ ၃ ရက်နေ့က ဝမ်ယိရဲ့ ထုတ်ပြန်ချက်မှာတော့ နောက်ထပ်သွေးထွက်သံယိုမဖြစ်အောင် တားဆီးဖို့တောင်းဆိုရင်း မြန်မာ့အရေးမှာ လုံခြုံရေးကောင်စီပါဝင်လာမှုကို တားဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံ မတည်ငြိမ်မှုမှာ နိုင်ငံတကာအင်အားစုတွေအနေနဲ့ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်မှုတွေရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီကြေညာချက်ဟာ တရုတ်နိုင်ငံရဲ့ အဓိက ဉီးစားပေးရပ်တည်ချက်ကို ရှင်းလင်းစေပါတယ်။ တရုတ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ ခေါင်းဆောင်တွေနဲ့ ဆက်ဆံဖို့ မလိုအပ်ဘဲ မြန်မာ့အရေးမှာ နိုင်ငံတကာစွက်ဖက်မှုနဲ့  နိုင်ငံတကာလွှမ်းမိုးမူ လျော့ချကန့်သတ်ရေးကို ဉီးစားပေးရပ်တည်တာပါပဲ။

ပြီးခဲ့တဲ့မတ်လအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ အလာစကာ တွေ့ဆုံပွဲမှာလည်း တရုတ်ဟာ မြန်မာပြည်ပြဿနာကို ကြားဝင်ဖြေရှင်းလိုစိတ်ရှိကြောင်း အရိပ်အယောင်ပြခဲ့ပေမယ့် ဇင်ကျန်း၊ တိဘက်၊ ဟောင်ကောင်နဲ့ စီးပွားရေးပြဿနာတွေနဲ့ အပေးအယူလုပ်ချင်ပုံ ပြသခဲ့ပါတယ်။ သူ့မဟာမိတ်အကျိုးစီးပွားတွေထိခိုက်နိုင်လို့ အမေရိကန်ဘက်က လက်ခံနိုင်စရာမရှိခဲ့ပါဘူး။ 

ဒါတွေကိုကြည့်ပြီး တရုတ်ဟာ ရုရှားနဲ့အတူရပ်တည်လာတာ ဘာကြောင့်လဲသိနိုင်ပါတယ်။  မတ်လ ၂၇ ရက် နေပြည်တော်က တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့အတူ မြန်မာစစ်ကောင်စီဘက်က ရပ်တည်မှုကို ပြသခဲ့ပါတယ်။ 

တရုတ် ပညာရှင်အဖွဲ့အစည်း Taihe အင်စတီကျုရဲ့ သုံးသပ်ချက်မှာတော့ CDM လှုပ်ရှားမှုကို အနောက်တိုင်း NGO တွေက ထောက်ခံအားပေးနေတယ်၊ CRPH ဟာလည်း လူထုထောက်ခံမှု ရရှိထားတယ်ဆိုပေမယ့် စစ်ကောင်စီနဲ့ နှိုင်းယှဉ်ရင်တော့ အင်အားမရှိဘူး။ CRPH ဟာ တရားမဝင်အဖွဲ့အစည်းဖြစ်တဲ့အပြင် ခေါင်းဆောင်သူတွေဟာလည်း ဆူပူအောင် လှုံ့ဆော်မှုနဲ့ ၀ရမ်းထုတ်ခံထားရသူတွေ ဖြစ်နေကြတယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီအနေနဲ့ NLDနဲ့ အကြမ်းမဖက်လှုပ်ရှားမူတွေကို နှိမ်နင်းနိုင်ပြီး တရုတ်ပြည်တောင်ဘက်ခြမ်းမှာ အနောက်တိုင်းအင်အားစုနဲ့ ခွာပြဲနေစေချင်မယ့် သဘောထားရှိပါတယ်။

တချိန်တည်း ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်အာဏာသိမ်းအဖွဲ့ဘက်က မရပ်တည်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ လူထုဖိအားကြီးမားနေတာကိုလည်း တရုတ်က သိထားပါတယ်။

မြန်မာပြည်မြောက်ပိုင်း လက်နက်ကိုင်အားအားစုတွေကြားမှာ တရုတ်အပေါ် မီခိုရမှု အနည်းအများကိုမူတည်ပြီး နယ်မြေစိုးမိုးရေး တိုးချဲ့နေကြတာကို တရုတ်ဘက်က ပြဿနာမရှိပါဘူး။

ဒါပေမဲ့ ဧပြီ ၃ ရ‌က်နေ့ကတော့ တရုတ်နိုင်ငံဟာ သူ့လွှမ်းမိုးမှုနယ်ပယ်ထဲမှာရှိနေတဲ့ လက်နက်ကိုင်မှန်သမျှ CRPHနဲ့ဖြစ်စေ တခြားတရုတ်နဲ့ ကင်းလွတ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဖြစ်စေ မဟာမိတ်ပေါင်းစည်းမှု မလုပ်ဖို့ ကေအိုင်အေကို သတိပေးခဲ့ပါတယ်။

ဒီအခြေအနေအရ တရုတ်ဟာ  မြန်မာပြည်တွင်းက လတ်တလောအားပြိုင်မှုမှာ  ဘယ်သူ့ကို အသာစီးရစေမလဲ ဘယ်သူ့ကို မဟာမိတ်ပြုခွင့်ရစေမလဲဆိုတာထိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အလားအလာပေါ်မှာ ခြယ်လှယ်နိုင်ပါတယ်။ 

CDM လှုပ်ရှားမှုနဲ့ CRPH ဟာ နိုင်ငံတကာထောက်ခံအားပေး မှုမရှိရင် အင်အားမရှိဘူးဆိုတဲ့ တရုတ်ရဲ့ သုံးသပ်ချက်ဟာ အဓိက အားနည်းချက်ဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ တစ်နိုင်ငံလုံးမှာ အင်အားသုံး အကြမ်းဖက်ဖြိုခွဲနေပေမယ့် အာဏာဖီဆန်တဲ့လှုပ်ရှားမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထောက်ခံအားပေးမှုက တိုးပွားလာနေပါတယ်။

၂၀၀၈ အခြေခံ ဉပဒေဖျက်သိမ်းမှုနဲ့  ဖက်ဒရယ် ပဋိညာဉ် ကြေညာလိုက်တဲ့ CRPH ရဲ့ ခြေလှမ်းတွေကြောင့် ပြည်သူလူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထောက်ခံအားပေးမှုကို ပိုမိုရရှိခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင်ရာမှာ  တိုင်းရင်းသားအားလုံး ပထမဆုံးအကြိမ် တညီတညွတ်တည်း  ဖြစ်လာစေခဲ့ပါတယ်။

တရုတ်ရဲ့ မစွက်ဖက်ရေးမူဝါဒဟာ လက်နက်အင်အားရှိသူကိုသာ အသိအမှတ်ပြုပါတယ်။  ‌ဒါပေမဲ့ စစ်ကောင်စီမှာလည်းအာဏာကို ချုပ်ကိုင်နိုင်ဖို့ လက်နက်အင်အားတခုပဲ ရှိတော့တဲ့ အနေအထားပါ။

အနောက်တိုင်းတန်ဖိုးတွေနဲ့ လွှမ်းမိုးတွေကို တိုက်ထုတ်ဖို့ စစ်မြေပြင်အနေနဲ့ မြန်မာပြည်ကို ရှုမြင်နေရင်းက တရုတ်ဟာ သူ့ရဲ့ ဩဇာလွှမ်းမိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေသာမက တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ထောက်ခံမှုလည်းဆုံးရှုံး မြန်မာပြည်သူလူထုရဲ့ ထောက်ခံမှုလည်းမရှိတော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။

တရုတ်ရဲ့ ရပ်တည်ချက်ကြောင့် မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွား အာဆီယံ အမေရိကန်တို့နဲ့ ဆန့်ကျင်ပြီး ဆိုးရွာ ရှည်ကြာတဲ့ ပြည်တွင်းစစ်အလားအလာကို ဉီးတည်စေပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ တရုတ်ရဲ့ မြန်မာပြည်အရေးချဉ်းကပ်ပုံကို အနီးကပ်လေ့လာဖို့လိုပါတယ်။ တရုတ်ရဲ့ မြန်မာပြည်အပေါ် ကျဉ်းမြောင်းတဲ့ရှုမြင်ပုံကြောင့် အကြီအကျယ် သွေးထွက်သံယိုဖြစ်ရပ်တွေဆီ ဉီးမတည်စေဖို့ ခိုင်မာတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ လိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တားဆီးရှောင်လွဲနိုင်ဖို့ အာဆီယံအဖွဲ့ဝင်တချို့ရဲ့ ကြိုးပမ်းမှုကို အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေ အထူးသဖြင့် QUAD ကအဖွဲ့ဝင် (အမေရိကန်၊ ဂျပန် ၊  သြစတြေးလျ၊ အိန္ဒိယ) တို့အနေနဲ့  ထိထိရောက်ရောက် အားပေးကူညီသင့်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အနောက်တိုင်းလွှမ်းမိုးမှုကို ဖယ်ရှားနိုင်ဖို့ ဒေသတွင်း အကြပ်အတည်းတခုဖြစ်စေခဲ့ပြီး တည်ငြိမ်အေးချမ်းစေမယ့်နည်းလမ်းတွေကို ငြင်းပယ်ခဲ့တဲ့ ရုရှားနဲ့ တရုတ်ကို ဆန့်ကျင်ရာမှာ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ  ပိုမိုလိုအပ်လာပါလိမ့်မယ်။

ကိုးကား-  www. usip.org

(United States Institute of Peace (USIP)အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆွန်တာဝါ ရေးသားထားတဲ့  China’s High-Stakes Calculations in Myanmar  သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဖော်ပြထားတာဖြစ်ပါတယ်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024