မန္တလေးတိုင်း၊ မိုးကုတ်မြို့က ရေပူကျောင်းဆရာတော်နဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၆ ယောက်ကို ဧပြီ ၉ ရက်နေ့မှာ မိုးကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ် စီချမှတ်လိုက်ပါတယ်။
မိုးကုတ်မြို့မှာ မတ်လ ၁၁ ရက်နေ့က စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွဲစဉ်က ရေပူကျောင်းတိုက်ထဲကို လူငယ်တွေက ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။
ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကို အာဏာသိမ်းစစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ မတရား ဝရမ်းထုတ် ဖမ်းဆီးခဲ့ပြီး လူဝတ်လဲခဲ့တဲ့အပြင် နောက်ထပ် ပုဒ်မတစ်ခုထပ်တိုးခဲ့ကာ မနေ့က မိုးကုတ်မြို့နယ်တရားရုံးမှာ ထောင်ဒဏ်ချခဲ့တာဖြစ်ပါတယ်။
သပိတ်စစ်ကြောင်း ဖြိုခွဲစဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၂၆ ဦးကိုလည်း ဆရာတော်နဲ့အတူ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခုလိုဖမ်းဆီးထောင်ချတာတွေရှိနေပေမယ့် မိုးကုတ်မြို့က ပြည်သူတွေကတော့ စစ်အာဏာရှင်အလိုမရှိကြောင်း ရပ်ကွက်အလိုက် ဆန္ဒပြချီတက်တဲ့ လှုပ်ရှားမှုတွေ နေ့စဉ် အဆက်မပြတ်လုပ်နေကြပါတယ်။