Live
Home
မြန်မာသတင်း
နမ္မတူမြို့နယ်၌ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့်ရှိလာ
DVB
·
April 8, 2021

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲမှာ မြောက်ပိုင်းမဟာမိတ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်းပြည်တပ်မတော် SSA/RCSS တို့အကြား ပစ်ခတ်မှုတွေရှိနေတာ တစ်ပတ်ကျော်လာပြီဖြစ်ပြီး ရွာထဲလက်နက်ကြီးကျလို့ အိမ်ခြေ ၃၀ ကျော်မီးလောင်ကာ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာသားတွေလည်း ၂၀၀၀ လောက်ရှိနေပါတယ်။

နမ္မတူမြို့နယ် မန်လီကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က အိမ်ခြေ ၅ လုံးမီးလောင်သွားပြီး  ရွာသားတွေလည်း သီပေါဘက်ကို ထွက်ပြေးလာကြောင်း၊ ဒါ့အပြင် နောက်ထပ် ခိုင်းမွန်၊ တာတေ ၊ ကွန်စံလိတ် ရွာသားတွေလည်း မနေ့ ဧပြီ ၇ ရက်က ထပ်ရောက်လာတယ်လို့ သိရပါတယ်။

လတ်တလော သီပေါမှာ  စစ်ပြေးရှောင်ပြည်သူ ၉၇၈ ဦးနဲ့ သံဃာတော် ၂၄ ပါး ရောက်ရှိနေ တယ်လို့  သီပေါမြို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် နန်းမွှမ်းမွှမ်းပေါင်းက ပြောပါတယ်။ 

“ မန်လီရွာသားတွေက ၆ ရက်နေ့ နေ့လည် ၁၂ နာရီလောက် သီပေါကိုရောက်လာတယ်။ ညနေ ၃ နာရီလောက်ကျတော့ ရွာမှာတိုက်ပွဲဖြစ်ပြီး အိမ်မီးလောင်တာ ၅ လုံးပါသွားတယ်။ သူတို့အိမ်မီးထဲပါသွားပြီ နေစရာမရှိတော့ဘူးဆိုပြီး ငိုနေကြတယ်။ လောလောဆယ် သူတို့ကို သီပေါရေဟော်ကျောင်းတိုက်၊ ပန်းတိမ်တောင်ကျောင်းတိုက်နဲ့  စားသုံးသူဂိုဒေါင်မှာနေရာ ချထား ပေးတာစုစုပေါင်း ၆၃၉ ယောက်ရှိပါတယ်၊ ပြီးတော့ မန်လီရွာကျောင်းတိုက်က သံဃာ ၂၄ ပါးကိုတော့ သာသနာ၂၅၀၀ ကျောင်းတိုက်မှာနေရာချပေးထားပါတယ်”။

ဒါ့အပြင် သီပေါနဲ့နမ္မတူအစပ် ခိုင်းမွန်၊ တာတေးရွာဘက်မှာလည်းတိုက်ပွဲဖြစ်လို့ ဝမ်ကောင်း ကျောင်းတိုက်နဲ့ နမ့်လန်အုပ်စုထဲက မန်လည်ကျောင်းကို ရောက်လာတာ ၃၃၉ ဦးရှိနေပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပြည်တွင်းပြည်ပကပေးပို့လာတဲ့အလှူငွေထဲက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ တခြားဟင်း ချက်စရာတွေဝယ်ပြီး ၇ ရက်နေ့က သွားပို့ခဲ့ပေမဲ့ တိုက်ပွဲကတော်တော်နဲ့ မပြီးရင် ရေရှည်မှာစားနပ်ရိက္ခာခက်ခဲလာနိုင်လို့ အလှူရှင်တွေလိုအပ်နေတယ်လို့ သူက ပြောသွားပါတယ်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုဘက်မှာလည်း ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ပြီး နေအိမ်မီးလောင်မှု ၂ ကြိမ်ဖြစ်ခဲ့ကာ  အိမ်ခြေ ၃၀ ကျော်လည်း မီးထဲပါသွားလို့ ပန်လုံ ၊ မန်ကျန်း ၊ နမ့်ဆီလင်း ၊ မန်ဆာ စတဲ့ရွာက ရွာသားပေါင်း ၁၀၀၀ နီးပါးလည်း အနီးနားက ကျေးရွာတွေမှာ လာရောက်ခိုလှုံနေရကြရပါတယ်။

မန်စံရောက် စစ်ဘေးရှောင်များကိုအကူအညီပေးနေတဲ့ ဦးဝိဇေယျက “  ကျနော်တို့ မန်စံ ရွှေစကားဝါကျောင်းတိုက်နဲ့ ကမ္မဋ္ဌာန်းကျောင်းတိုက်မှာတော့  ပန်လုံ ၊ မန်ဆာ၊ နမ့်ဆီလင်းဘက်က စစ်ပြေးရှောင် ၃၀၀ ကျော်ရောက်နေပါတယ်ခင်ဗျ။ အိမ်တွေမီးလောင်သွားလို့ နေစရာမရှိတော့ဘူး၊ ပန်လုံအုပ်စုထဲမှာ အိမ်မီးလောင်တာ ၂ ခါဖြစ်တယ်။ ပထမတခေါက်က အရင်လကုန်ပိုင်းက မန်ကျန်းရွာထဲမှာ နေအိမ် ၆ လုံး ပါသွားတယ်။ ဒီလ ၄ ရက်နေ့ကျတော့ ပန်လုံရွာ ရပ်ကွက် ၂ ထဲမှာ ထပ်ပြီးလောင်တယ်။ ကားလမ်းမကြီးတဘက်တချက်မှာ ၊ ကပ်လျက်အိမ်တွေ တစ်တန်းကြီးပါသွားတာ။ ပြီးတော့ နောက်တနေရာမှာကြိုကြားလောင်တယ်၊ စုစုပေါင်း ၂၇ လုံးလောင်သွားတယ်”။

အိမ်မီးလောင်တာကြောင့်ရော ၊ တိုက်ပွဲတွေကြောင့်ပါ ပန်လုံကျေးရွာအုပ်စုဘက်ကပြည်သူ တွေဟာ မန်စံအပြင် ပန်သပြေ၊ ရေအိုး၊ တာပူ ၊ မန့်မိုင် စတဲ့ကျေးရွာဘုန်းကြီးကျောင်းတွေမှာပါ ခိုလှုံနေပြီး  စုစုပေါင်း ၁၀၀၀ လောက်ရှိကြောင်း သူတို့အတွက် စားနပ်ရိက္ခာအပြင် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေပြန်ဆောက်ဖို့ ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့  မန်စံရွာသားက ပြောပါတယ်။ 

နမ္မတူမြို့နယ်ထဲက တိုက်ပွဲတွေဟာ အဓိကပန်လုံကျေးရွာအုပ်စုတဝိုက်နဲ့ သီပေါမြို့ နယ်အစပ်ဘက်မှာ ဖြစ်ပွါးနေပြီး ဒီကနေ့မနက်ထိ ပစ်ခတ်မှုတွေရှိနေတုန်းဖြစ်ပါတယ်။ 

SSA/RCSS ဘက်က သူတို့ဖာသာ တောတောင်ထဲနေနေတာကို TNLA နဲ့ SSPP က ပူးပေါင်းပြီးလာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ရတာလို့ ပြောဆိုပြီး SSPP ကတော့ သူတို့ နယ်မြေထဲကို RCSSက ကျူးကျော်စိုးမိုးဖို့ ကြိုးစားလာလို့ ပစ်ခတ်ရတာလို့ ဒီဗွီဘီကို ပြောပါ တယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024