သိမ်းဆည်းကား ၂၀၀ ကျော်ထဲက ၈၈ စီး လေလံတင်မည်
DVB
·
October 30, 2013
မွန်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ကား အစီး ၂၂၀ ကျော်ထဲက တရားရုံး အမိန့်ချပြီးလို့ နိုင်ငံတော်ပိုင် သိမ်းထားတဲ့ ကား ၈၈ စီးကို မကြာခင် လေလံတင် ရောင်းချမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
မွန်ပြည်နယ်အတွင်းနဲ့ မော်လမြိုင်မြို့မှာ ဖမ်းဆီးရမိတဲ့ ကားအစီး ၂၂၀ ကျော်ရဲ့ ကာလတန်ဖိုး ပေါက်ဈေးဟာ လိုင်စင်နဲ့ ဆိုရင် ကား ၁ စီး တန်ဖိုး အနည်းဆုံး ကျပ် သိန်း ၁၀၀ နဲ့ တွက်ရင်တောင် ကျပ် ၂ ဘီလီယံဖိုးလောက် ရှိတယ်လို့ လေလံသွားဆွဲမယ့် ကားဝယ်ရောင်းသမား ဦးကိုကိုကြီးက ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်နယ်မှာ ဖမ်းဆီးမိတဲ့ ကားအများစုဟာ တိုယိုတာ ဗင်အမျိုးအစားတွေ များပြီး မော်လမြိုင် - ကော့ကရိတ်နဲ့ မြ၀တီကားလမ်းမှာ အထူးလိုင်းကားတွေအဖြစ် ကြမ်းကြမ်း တမ်းတမ်း အသုံးပြုထားလို့ လေလံအောင်ပြီးရင် ပြန်ပြုပြင်ရမှာ များတယ်လို့ သူက ပြောပါတယ်။