အမေရိကန်စင်တာကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အေးသော်ကောင်းကို မတ်လ ၃၀ ရက် မနက် ၉ နာရီလောက်မှာ ရန်ကုန် ဗဟန်းမြို့နယ် သံလွင်လမ်းနေအိမ်မှာ မာစီဒီးကားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ ဧပြီ ၇ ရက်ည MRTV ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။
အေးသော်ကောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဖော်ဝါရီလအတွင်းမှာ ဂတ်စ်လေအိုးနဲ့ ပစ်ခတ်ရတဲ့ အနက်ရောင ပစ္စတိုသေနတ်တစ်လက်နဲ့ ခဲသီးကျည် အတောင့် ၁၅၀ ကို ငွေကျပ် သိန်း ၁၉၀၀၀ နဲ့ အွန်လိုင်းကနေ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။
ဒီနောက် ယာဉ်နံပတ်ပြားအတုဝယ်ယူပြီး ဖခင်ပိုင်ဆိုင်တဲ့ မာစီဒီးကားမှာ ပြောင်းလဲတပ်ဆင်ကာ မတ်လ ၂၆ ရက်က အမေရိကန်စင်တာအနီး အင်းယားလမ်းမပေါ် သုံး လေးကြိမ်မောင်းနှင်ခဲ့ကာ ပတ်ဝန်းကျင်အခြေအနေ ကြည့်ရှူ ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့မှာတော့ နေအိမ်မှ ထွက်ခွာခဲ့ပြီး အမေရိကန် စင်တာအနီးရောက်ရှိစဉ် မော်တော်ယာဉ်ကို အရှိန်သတ်ကာ ကားအတွင်းမှ အဆိုပါသေနတ်နဲ့ ၇ ချက်လောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်နေ့ မတ်လ ၂၈ မနက်မှာ ပစ္စတိုသေနတ်အပါအဝင်သက်သေခံပစ္စည်းတွေကို ငမိုးရိပ်တံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲချကာ ဖျောက်ဖျက်ခဲ့တယ်လို့လည်းဆိုပါတယ်။
အေးသော်ကောင်းဟာ အန်အယ်လ်ဒီပါတီကိုထောက်ခံသူဖြစ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း စစ်ကောင်စီအာဘော် သတင်းမှာထည့်သွင်း ထုတ်လွှင့်သွားပါတယ်။
အဆိုပါသတင်းပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အေးသော်ကောင်းနဲ့ သူ့ရဲ့ မိသားစု ဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းလည်းမရှိသေးပါဘူး။
မတ်လ ၂၇ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်သံရုံးက မတ်လ ၂၇ ရက်ညပိုင်းမှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းနဲ့ ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။