မူဆယ်မြို့မှာ MSC (Muse Strike Committee) ရဲ့ စစ်အာဏာဆန့်ကျင်ရေး သွေးမတိတ် ဆေးသပိတ်ကို ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးဆပ်ခဲ့သူများ ကျဆုံးခဲ့တဲ့နေရာတွေမှာ ဧပြီ ၆ ရက်နေ့က ပြုလုပ်ဂုဏ်ပြုခဲ့ကြတယ်လို့ MSC မှာ ပါဝင်သူတဦးက ပြောပါတယ်။
မတ် ၂၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်အောင်ရဲရင့်နိုင် ကျဆုံးခဲ့တဲ့နေရာမှာ ကျောင်းစိမ်းနဲ့ သတိရဆုတောင်း ဂုဏ်ပြုခဲ့ကြပြီး မတ်လ ၃၀ ရက်နေ့မှာ အသက် ၃၄ နှစ်အရွယ် ကိုညိုမင်းသူ ကျဆုံးခဲ့တဲ့နေရာမှာတော့ ပန်းပွင့်တွေနဲ့ ဂုဏ်ပြု ဆုတောင်းပေးခဲ့ကြပါတယ်။
ဆယ်တန်းကျောင်းသား မောင်အောင်ရဲရင့်နိုင်ရဲ့ အလောင်းကိုတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အလောင်းဖျောက်ဖျက် မီးရှို့လိုက်ပြီး မိသားစုဝင်တွေက အရိုးပြာတောင်းခဲ့ပေမယ့် မရခဲ့တာကြောင့် ဧပြီ ၅ ရက်နေ့ မွန်းလွဲပိုင်းမှပဲ အလောင်းမပါဘဲ စျာပန ပြုလုပ်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖြိုခွင်းတာကြောင့် အနည်းဆုံး ၂ ဦးကျဆုံးပြီး ကိုညိုမင်းသူရဲ့ အလောင်းကိုသာ ပြည်သူတွေ ပြန်ရခဲ့တာလို့ ဆိုပါတယ်။