ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ကနေ တရုတ်နယ်စပ်လွယ်ဂျယ်မြို့မှတဆင့် တရုတ်နိုင်ငံကို မြန်မာဘက်က ရာသီပေါ် ဖရဲသီးတွေ တင်ပို့ရောင်းချနေရာမှာ ဖရဲမျိုးကောင်းအရည် အသွေးကောင်းတွေကို တရုတ်ကုန်သည်တွေက စျေးနှိမ်ဝယ်ယူနေတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝန်းက သိရပါတယ်။
ဒါ့အပြင် အရည်သွေးအနည်းငယ်ညံ့တဲ့ မြန်မာဖရဲသီးတွေလည်း အခုအချိန်မှာ ရောင်းရ ခက်နေတယ်လို့ သိရပါတယ်။
အရင် သီတင်း နှစ်ပတ်လောက်က ဖရဲသီးတင် ၁၂ ဘီးကားတစ်စီးကို တရုတ်ငွေ ကျပ် ၅၀၀၀၀ ကျော်လောက်ရပြီး အခုအချိန်မှာ ဖရဲမျိုးကောင်းဆိုရင် တရုတ်ငွေ ၃၀၀၀၀ နဲ့ အလတ်စားဆိုရင် ၂၀၀၀၀ ရရှိကာ ရက်ကြာတဲ့ကားဆိုရင်တော့ ၁၀၀၀၀ လောက်သာရကြလို့ တချို့ကားတွေဆို ကားခလောက်သာရရှိတော့တယ်လို့ သိရပါတယ်။
လတ်လော ရွှေလီဘက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မနေ့ကအထိ အယောက် ၂၀ ကျော်လောက် ပြန်တွေ့ရှိတာကြောင့် နယ်စပ်အဝင်အထွက်တွေကို တရုတ်ဘက်က စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ထားတာ ဖြစ်ပါတယ်။
အသွားလာ ပိတ်ပင်ထားတဲ့ ကာလ ၃ ပတ်လောက် ကြာမြင့်နိုင်တယ်လို့ တရုတ်ပြည်ဘက်က ကုန်သည်တစ်ဦးက ခန့်မှန်းပြောပါတယ်။
လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်ပေါက်မှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေကြောင့် ကုန်တင်ကားတန်းတွေတန်းစီကာ ရက်အနည်းငယ်စောင့်ဆိုင်းနေရတာကြောင့် လမ်းခရီး ကြန့်ကြာမှုတွေရှိနေပါတယ်။
ရက်ကြာလာတာနဲ့အမျှ ကားခတွေလည်း တက်နိုင်ဖွယ်ရှိပြီး ဈေးကောင်းမရလို့ တောင်သူတွေလည်း နစ်နာမှုရှိနေတယ်လို့ ဒေသခံဖရဲ စိုက်တောင်သူတွေက ပြောပါတယ်။