Democracy Vision သတင်းထောက် ကိုဇင်သော်နိုင် ဖမ်းဆီးခံရ

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ခံထားရတဲ့  ဒီမိုကရေစီဗင်းရှင်းသတင်းဌာနမှ သတင်းထောက် ကိုဇင်သော်နိုင်   ဧပြီ ၄ ရက်နေ့က ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာ  ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်က ရန်ကုန်မြို့တွင်း လှည့်ကင်းစဉ် ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ဗိုလ်ကလေးဈေး ကားမှတ်တိုင်မှာ  လူတစ်ဦးက နွေဦးမှတ်တိုင်သတင်းလွှာစက္ကူ ၁ ရွက်ကို ကပ်နေတာတွေ့ရှိရလို့ ခေါ်ယူစစ်ဆေးရာမှာ မြောက်ဥက္ကလာပမြို့နယ်နေ ဇင်သော်နိုင် (၃၆)နှစ် Democracy Vision သတင်းဌာနမှ သတင်းထောက်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတာလို့ စစ်တပ်မီဒီယာက သတင်းထုတ်ပါတယ်။ 

သူမောင်းနှင်လာတဲ့ ကားကို စစ်ဆေးခဲ့ရာ ယာဉ်နံပါတ်ပြားအမှန်ပေါ်မှာ  ယာဉ်နံပါတ်ပြားအတု တပ်ဆင်မောင်းနှင်အသုံးပြုပြီးကားထဲကနေ နွေဦးမှတ်တိုင် သတင်းလွှာစာရွက် ၈ ရွက်၊ ကော်ထုပ် ၄ ထုပ်၊ Democracy Vision သတင်းဌာနမှ ဇင်သော်နိုင် အမည်ပါ လည်ဆွဲ ၂ ခု၊ သံချွန်သုံးချောင်းစိုက်ထားတဲ့  ပိုက်ပျော့ ၁ ချောင်း၊ တူ ၁ လက်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာကြာင့်  ကိုဇင်သော်နိုင်ကို အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သတင်းထောက် ကိုဇင်သော်နိုင်ကို လက်ရှိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။  

ကိုဇင်သော်နိုင်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း  ပုဇွန်တောင်မြို့မရဲစခန်းမှာ စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up