မြန်မာပြည်ရောက် တောင်ကိုရီးယားနိုင်ငံသားများ ဘေးကင်းရာ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအတွက် ခရီးသွားအကြံပေးချက်ကို ဧပြီ ၃ ရက်မှာ အဆင့်ထပ် မြှင့်တင်လိုက်ပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ သူ့နိုင်ငံသားတွေကို အကြံပြုတိုက်တွန်း လိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့ သေဆုံးသူ ၆၀၀ နီးပါး ရှိနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှု တိုးနေချိန်မှာခုလို အကြံပြုလိုက်တာပါ။
ခရီးသွားတပ်လှန့် သတိပေးချက်ကို ဒုတိယအမြင့်ဆုံး အဆင့်ကို တိုးမြှင့် လိုက်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေ အနေနဲ့ ဒေသတွင်း ခရီးစဉ်တွေ ဖျက်သိမ်းကြဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းကြဖို့ ဝန်ကြီးဌာနက အကြံပေး ထားပါတယ်၊
မြန်မာနိုင်ငံထဲ ရောက်ပြီးသားသူတွေ အနေနဲ့လည်း မပြန်ဖို့ အရေးကြီးတဲ့ ကိစ္စတွေ မရှိရင် တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။
တောင်ကိုရီးယားအစိုးရဟာ အဆင့်လေးဆင့် ခရီးသွား တပ်လှန့်သတိပေးချက် စနစ်ကို သတ်မှတ်ထားပြီး သတိထားဖို့၊ ထိန်းချုပ်ဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ ချက်ချင်း ခရီးသွားခွင့် တားမြစ်ပိတ်ပင်ဖို့ လေးချက် ထားရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲက တောင်ကိုရီးယားနိုင်ငံသားတွေကို ကာကွယ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့နဲ့ နိုင်ငံခြားရေး ဝန်ကြီးက အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့လည်း ဝန်ကြီးဌာနက ဆုံးဖြတ် ထားတယ်လို့ ကိုရီးယား အခြေစိုက် KBS သတင်းဌာနက အစီရင်ခံထားပါတယ်။