မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ပြည်တွင်းစစ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ခိုမားစ်က သတိပေးလိုက်တယ်လို့ ဖှုန်ခယ် သတင်းအုပ်စု ဖြန့်ချိတဲ့ ဧပြီ ၄ ရက်ထုတ် ဂျာမန် သတင်းစာတွေက ဖော်ပြပါတယ်။
“စစ်တပ်ဟာ သီတင်းပတ် နည်းနည်းအတွင်း မြန်မာနိုင်ငံကို ကပ်ဘေးချောက်ထဲ တွန်းပို့နေတယ်၊ လူအယောက်ငါးရာကျော်လည်း အသတ်ခံခဲ့ရပြီး ထောင်ချီတဲ့ လူတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်” လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံက မိတ်ဖက်တွေနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို နောက်ဆုံးမှာ လက်ခံလာစေဖို့ စစ်ကောင်စီကို အားလုံးက ဖိအားတိုးပေးကြ ဖို့ကိုလည်း မားစ်က တောင်းဆိုပါတယ်။
ဒေသတွင်းမှာ ဒီမိုကရေစီကို ကယ်ဖို့ စိတ်မဝင်စားတဲ့သူတွေတောင်မှ ဘယ်သူကမှ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဖြစ်မှာကို စိတ်မဝင်စားနိုင်ကြဘူးလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၆၃ ရက်အကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၆၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ လက်ရှိအချိန်ထိ ၂၆၆၇ ယောက် ရှိနေပြီး အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရကာ အမှုဖွင့်ခံထားရကာ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၄၂၅ ယောက်နဲ့ ခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။