Home
မြန်မာသတင်း
မတရား စစ်အာဏာသိမ်းကာလ ၆၃ ရက်အကြာ ကျဆုံးပြည်သူပေါင်း ၅၆၀ ကျော်ထိ ရှိလာ
DVB
·
April 5, 2021

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၆၃ ရက်အကြာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၆၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၄ ရက်အထိ အေအေပီပီက မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူအရေအတွက်ဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ လက်ရှိအချိန်ထိ ၂၆၆၇ ယောက် ရှိနေပြီး အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရကာ  အမှုဖွင့်ခံထားရကာ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၄၂၅ ယောက်နဲ့ ခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။    

မြန်မာနိုင်ငံမြို့ရွာအနှံ့က ပြည်သူတွေဟာ စစ်အာဏာရှင်ကျရှုံးရေးအတွက် နည်း အမျိုးမျိုးနဲ့ ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြရာမှာ ဧပြီ ၄ ရက်နေ့မှာတော့  “Easter Egg Strike” တွေနဲ့ ဒီမိုကရေစီပြန်လည်ရရှိရှင်သန်ရေးအတွက် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပျဉ်းမနားမြို့မှာ သပိတ်စစ်ကြောင်းဖြိုခွင်းခြင်းခံခဲ့ရပြီး အမျိုးသား ၁ ယောက် ကျဆုံး သွားခဲ့ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတော့ တပ်မ ၇၇ က လူနေရပ်ကွက်အတွင်း အကြမ်းဖက် စီးနင်းခဲ့ပြီး ကင်းသမား လူငယ် ၁ ယောက်ကို ရိုက်နှက်ကာ ရင်ဘတ်နဲ့ ခြေ ထောက်တို့ကို ပစ်ခတ်ခဲ့လို့ ကျဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ရဲနဲ့ စစ်သားတွေက ယူ ဆောင်သွားခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။ ဒါ့အပြင် ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကင်းသမား ၁၀ ယောက်ကိုလည်း ရိုက်နှက်နှိပ်စက် ဖမ်းဆီး သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

     ကယားပြည်နယ်မှာတော့ မိုင်းလုံးသပိတ်စစ်ကြောင်းကို အင်အားသုံးဖြိုခွင်းခဲ့ပြီး ရပ်ကွက်တွေထဲထိ လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် ၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရကာ ရာဘာကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာတော့ ပြည်သူတွေ ပြုလုပ်ထားတဲ့ အရံအတားတွေကို ရဲနဲ့ စစ်သားတွေက ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်ရှိ ဈေးဆိုင်တွေနဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီး ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းမှာတော့ ဆန္ဒထုတ်ဖော်သူတွေကို နေအိမ်တွေပေါ်အထိ ရှာဖွေဖမ်းဆီးခဲ့တဲ့အတွက် လူငယ်အယောက် ၂၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း အေအေပီပီက ဖော်ပြပါတယ်။

     စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာမှာတော့ ဧပြီ ၂ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား  ၆ ယောက်ထဲက ၂ ယောက်ရဲ့ ရုပ်အလောင်းကို ၄ ရက်နေ့မှာ ပြန်လည်ယူဆောင်ဖို့ အကြောင်းကြားခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့မှာတော့ မတ်လကုန်ခါနီးလောက်က စစ်တပ် က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အမျိုးသား ၄ ယောက်ထဲက ၂ ယောက်ဟာ  ထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာပဲ ကျဆုံးသွားခဲ့ပြီး ကျန် ၂ ယောက်ကတော့ ပျောက်ဆုံးနေပြီး သူတို့ရဲ့ မိသားစုဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ အရေးယူမှု မပြုမလုပ်မချင်း ပြည်သူတွေဟာ နေ့စဉ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေကြရဦးမယ်လို့ အေအေပီပီက ဆိုပါတယ်။

ဧပြီ ၄ ရက်နေ့မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက် မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းနေမှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့အပါအဝင် အချက် ၅ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါကြေညာချက်ကို အေအေပီပီက ကြိုဆိုပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် စွမ်းဆောင်နိုင်သလောက် လက်တွဲပါဝင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024