Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုကို ရှောင်ရှားရန်နှင့် ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို
DVB
·
April 2, 2021

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကို ရှောင်ရှားကြဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက  ဧပြီ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ စပ်လျဉ်းပြီး  မတ်လ ၃၁ ရက်နေ့က  ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ တံခါးပိတ်အစည်းအဝေးကျင်းပပြီးနောက်  တစ်နေ့မှာ  ဧပြီ ၁ ရက်နေ့နှောင်းပိုင်းမှာ ခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။  

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့  မြန်မာနိုင်ငံမှာ လျှင်မြန်စွာ ယိုယွင်းပျက်ပြားလာတဲ့ အခြေအနေကိုများစွာ စိုးရိမ်ပူပန်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေ ရာနဲ့ချီ သေဆုံးရမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့ပြင် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အား အဆုံးစွန်အထိ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းလိုက်ပြီး လူ့အခွင့်အရေးကို အပြည့်အဝ လေးစားဖို့ မြန်မာပြည်သူတွေရဲ့  ဆန္ဒနဲ့ အညီ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုလျက် တွေ့ဆုံဆွေးနွေးမှုနဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုဖို့လည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မတ်လ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ တညီတညွတ်တည်း ပြတ်သားခိုင်မာစွာတုံ့ပြန် ဆောင်ရွက်ကြရန် တိုက်တွန်းထားချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များမှ အလေးထားကြောင်း  အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်ပြီး ဒီကိစ္စကို အလေးဂရုပြုဆောင်ရွက်သွားဖို့ အလေးအနက် ပြောကြားတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ အားလုံးထံသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ၊ အတားအဆီးမရှိ သွားရောက်ကူညီပေးနိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့တောင်းဆိုကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ရိုဟင်ဂျာနဲ့ ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေ သဘောဆန္ဒအလျှောက် ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရေးအပေါ် အလွန်ကြီးမားသည့် စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာတာ စိုးရိမ်ပူပန်ကြောင်း၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေး အပြည့်အဝကာကွယ် စောင့်ရှောက်ပေးရဖို့ အလေးအနက်ပြောကြားလိုကြောင်းလည်း ကြေညာချက်မှာဖော်ပြပါရှိပါတယ်။

ဗြိတိန်က မူကြမ်းရေးထားတဲ့ အဆိုပါကြေညာချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအကြား အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းပြီးမှ ထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ကြေညာချက်မူကြမ်းမှာ ဒိထက်ပိုမိုပြင်းထန်တဲ့စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချထားပေမဲ့ မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံကတောင်းဆိုလို့  နောက်ဆုံးကြေညာချက်ပါ “သတ်ဖြတ်မှု” ၊ “အံ့ဩတုန်လှုပ်” စတဲ့စကားလုံးတွေ ဖြုတ်ပေးခဲ့ရသလို  နောက်ထပ်အရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်ဆိုတဲ့နေရာမှာ အခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်သွားမယ်ဆိုတဲ့ စကားရပ်နဲ့ အစားထိုးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။    

ရုရှားကတော့ သက်ဆိုင်တဲ့ဘက်အားလုံး အကြမ်းဖက်မှုမလုပ်ဘဲရှောင်ကြဖို့ဆိုတဲ့ စကားရပ်ကို ကြေညာချက်မှာ ထည့်သွင်းဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ ၃၁ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အထူးအစည်းအဝေးမှာတော့ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စေချင်ပေမဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလုပ်ဖို့ကိုတော့  တရုတ်နိုင်ငံက လက်မခံဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှ သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်ကတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့နဲ့  မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းထားတာကို ပြန်ရုပ်သိမ်းဖို့အရေး ဆက်လက်ဖိအားပေးဖို့ လုံခြုံရေးကောင်စီက ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဒီကြေညာချက်ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ခရစ်တင်းရှရာနာဘာဂီနာရဲ့ မကြာခင်သွားရောက်မယ့် အာဆီယံခရီးစဉ် အတွက် သက်ရောက်မှုရှိလိမ့်မယ်လို့ လည်းပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရာနာဘာဂီနာကတော့ ဒီမိုကရေစီရေး ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်က  ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးမှုတွေ ပေါ်ပေါက် လာနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးကောင်စီဥက္ကဋ္ဌ အနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ ပထမအကြိမ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ ခေါင်းဆောင်တွေ  ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024