မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေတယ်လို့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က ထုတ်ပြန်ပါတယ်။
လွှတ်တော်အမတ်တွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးခံရတာနဲ့ လွှတ်တော်နဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ပြုထားတာတွေကို လေးစားလိုက်နာမှု မရှိတာစတဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကို ဖွဲ့စည်းလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အာဏာသိမ်းထားပေမယ့် လွတ်တော်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့ CRPHကို ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒီအဖွဲ့က လွှတ်တော်အမတ် ၄၀၀ ကို ကိုယ်စားပြုပါတယ်။
ဒီအဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းကြေညာသတ်မှတ်ထားပြီး အဖွဲ့ဝင်တွေကို သေဒဏ်နဲ့ ထောင်ဒဏ် ၂၂ နှစ်ထိ ပြစ်ဒဏ်ပေးနိုင်တဲ့ နိုင်ငံတော် သစ္စာ ဖောက်ဖျက်မှုနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က IPU ခေါင်းဆောင်တွေက CRPH အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အခြေအနေနဲ့ အထောက်အပံ့ ဘယ်လို လုပ်လို့ရမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
လွှတ်တော်အမတ်တွေရဲ့ အခြေခံလူ့အခွင့်အရေးကို လေးစားဖို့ စစ်ခေါင်းဆောင်တွေကိုလည်း IPUက ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာရှိတဲ့ လွှတ်တော်အဖွဲ့ဝင်တွေအပေါ် ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက် ၆၀၁ ခုကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)က စောင့်ကြည့်နေပြီး ဒီအထဲမှာ တူရကီနဲ့ မြန်မာမှာလည်း ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။