Home
မြန်မာသတင်း
ဖမ်းဆီးတရားစွဲခံ ဒီဗွီဘီသတင်းထောက်ကို ရုံးမထုတ်၊ ရှေ့နေနှင့်တွေ့ခွင့်မပေး
DVB
·
April 1, 2021

ဖမ်းဆီးတရားစွဲခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ဒီဗွီဘီသတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို မတ်လ ၃၁ ရက်နေ့မှာ ရုံးချိန်းရှိပေမယ့် ရုံးမထုတ်ဖြစ်ဘူးလို့ သူ့ဇနီးသည် ကပြောပါတယ်။

မနေခြည်မိုးထက်က “ ရုံးချိန်းကို လာမယ့်တခေါက်ချိန်းရင်တော့ ထောင်ထဲမှာပဲ ချိန်းမယ်လို့ ကြားတယ်။ ထောင် (မြိတ်ထောင်) မှာ ယာယီတရားရုံးဆောက်နေပြီတဲ့။ အဲဒီတရားရုံးဆောက်ပြီးမှပဲ ရုံးချိန်းထပ်ချိန်းတော့မယ်လို့ ပြောတယ်။ ၁၄ ရက်တခါ ချိန်းတယ်ဆိုတော့ သင်္ကြန်ပြီးလောက်မှ ဖြစ်မလားမသိဘူး။” လို့ ပြောပါတယ်။

ကိုအောင်ကျော်အတွက် လိုက်ပါဆောင်ရွက်မယ့် ရှေ့နေက ကိုယ်စားလှယ်ပါဝါ လွှဲခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ကိုအောင်ကျော်ကို မိသားစုဝင်တွေရော ရှေ့နေရော တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရချိန်ကစပြီး ပုဒ်မ ၅၀၅ က နဲ့ စွဲဆိုခံရတယ်လို့ ကြားသိချိန်ကစလို့ ရှေ့နေက  ကိုအောင်ကျော်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

ဒီဗွီဘီသတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့ညမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက မြိတ်မြို့က နေအိမ်တွင်း အင်အားသုံး၊ ချင်းနင်း ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ 

အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒီဗွီဘီသတင်းထောက် ကိုမင်းညိုလည်း ဖမ်းဆီးခံထားရပြီး  စစ်အာဏာသိမ်းပြီးကတည်းက သတင်းသမားစုစုပေါင်း အယောက်  ၄၀ လောက်  ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါက ထောင်ဒဏ် အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ပူးတွဲချမှတ်နိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024