ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်ရရေး လှုပ်ရှား

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရဲတွေက သတိပေးနေတဲ့ကြားက အမျိုးသမီးတွေဟာ ကားမောင်းခွင့်ရဖို့အတွက် ဆက်ပြီး စည်းရုံး လှုပ်ရှားနေကြပါတယ်။ စည်းရုံးလှုပ်ရှားသူတွေဟာ စက်တင်ဘာနှောင်းပိုင်းကစလို့ အမျိုးသမီးတွေ ကားမောင်းတဲ့ ဗွီဒီယိုတွေကို အွန်လိုင်းပေါ်မှာ နေ့တိုင်းနီးပါး တင်နေပြီး အောက်တိုဘာ ၂၆ ရက်နေ့ကလည်း အမျိုးသမီး ၆၀ ၀န်းကျင်ဟာ လမ်းပေါ် ထွက်လာကြပါတယ်။ စည်းရုံးလှုပ်ရှားသူ စီးပွားရေးပညာရှင်နဲ့ ဥပဒေပညာရှင်တဦးက ဥပဒေအရလည်း အမျိုးသမီးတွေကို ကားမမောင်းရလို့ ကန့်သတ်ထားတာ မရှိဘူးလို့ ထောက်ပြပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ အမျိုးသမီးတွေကို ကားမမောင်းရလို့ သီးသန့်ဥပဒေနဲ့ ပိတ်ပင်ထားတာ မရှိပေမယ့် တရားဝင် ကားမောင်းလိုင်စင်တော့ ထုတ်မပေးပါဘူး။ အခု စည်းရုံးလှုပ်ရှားမှုတွေကြောင့် အပေါင်းလက္ခဏာရလဒ်တွေ ရလာမယ်လို့ စည်းရုံးလှုပ်ရှားတဲ့ အမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။ အမျိုးသမီးတွေ ကားမောင်းခွင့်မရတဲ့ ဆော်ဒီအာရေးဗီးယားရဲ့ ဈေးဝယ်ကုန်တိုက်တွေ အနီးမှာ လာကြိုမယ့်ကားကို စောင့်နေတဲ့ အမျိုးသမီးတွေကို အမြဲလိုလို တွေ့ရလေ့ရှိပါတယ်။ ကောလိပ်ကျောင်းသူ ဒီမာဆာလေးက ကားမောင်းခွင့်ရရင် ကျောင်းသွားတဲ့အခါနဲ့ အလုပ်သွားတဲ့အခါ ဘယ်လို နေရာမှာဖြစ်ဖြစ် ယောက်ျားတွေရဲ့ အကူအညီတွေကို တောင်းနေစရာ မလိုတော့မှာမို့ ကားမောင်းခွင့်ဟာ အမျိုးသမီးတွေအတွက် အသုံးဝင်တယ်လို့ ပြောပါတယ်။

More News
Up