Home
အထွေထွေ
ပြည်သူကို အသိပေးရန်လိုသည့်ကိစ္စ သမ္မတ ကိုယ်တိုင်ပြောမည်
DVB
·
October 28, 2013
သမ္မတဦးသိန်းစိန် သမ္မတအဖြစ် ထပ်မံအရွေးခံ၊ မခံကိစ္စ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်ပြီး ပြည်သူကို အသိပေးဖို့ လိုတဲ့ကိစ္စမှန်သမျှကို သမ္မတကိုယ်တိုင် အသိပေးသွားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။ [caption id="attachment_26537" align="alignleft" width="300" caption="ဦးရဲထွဋ်"][/caption]၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သမ္မတ ဦးသိန်းစိန်က ထပ်မံ အရွေးမခံတော့ဘူးလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပေါ် သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ ၂ ဦး တွေ့ဆုံစဉ် အမြင်တွေကို ဖလှယ်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာမှာ ၂ ဖက် ကြိုတင် သဘောမတူညီထားရင် ပြည်သူကို ထုတ်ပြန် ပြောဆိုလေ့မရှိပေမယ့် ပြည်ထောင်စုလွှတ်တော်နာယကက ဘာကြောင့် ပြောဆိုသလဲ ဆိုတာကိုတော့ မသိကြောင်း ဦးရဲထွဋ်က ပြောပါတယ်။ “နံပါတ် ၁ က သမ္မတကြီးအနေနဲ့ ပြည်သူကို အသိပေးဖို့လိုတဲ့ ကိစ္စမှန်သမျှ သူကိုယ်တိုင် တိုက်ရိုက် ပြည်သူကို ပြောမှာပါ။ ကြားခံလူကတဆင့် အသိပေးစရာ အကြောင်းမရှိပါဘူး။ သမ္မတ ရွေးတဲ့ ကိစ္စ တခုတည်းကို ပြောတာမဟုတ်ဘူး။ အရေးကြီးတဲ့ကိစ္စတွေ၊ ပြည်သူကို အသိပေးသင့်တယ်ဆိုရင် သူကိုယ်တိုင် အသိပေးမှာပါ။ ကြားလူတယောက်ကနေ အသိပေးစရာ အကြောင်းမရှိပါဘူး။ နိုင်ငံတော်သမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူတို့ချင်း တွေ့ဆုံတဲ့အချိန်မှာ အမြင်ချင်းဖလှယ်တာ ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမယ့် ဒါဟာ နှစ်ဦးပဲ အမြင်ချင်းဖလှယ်တဲ့သဘောပဲ။ တကယ်တော့ နိုင်ငံတကာမှာ ဒီလိုမျိုးကိစ္စက နှစ်ဦးနှစ်ဖက် ကြိုတင်သဘောတူညီထားတာမရှိရင် ပြည်သူကို ထုတ်ပြောလေ့မရှိပါဘူး။ ဒီကိစ္စမှာ ပြည်သူ့လွှတ်တော်နာယကကြီးအနေနဲ့ ဘာကြောင့် ပြောတယ်ဆိုတာ ကျနော်တို့လည်း မသိပါဘူး။ သူ့မှာ တခြားအကြောင်း ရှိရင်လည်း ရှိမှာပေါ့။” ဒီကိစ္စအတွက် သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေသလားဆိုတဲ့ အမေးကိုတော့ “ဒါကတော့ ဒီမိုကရေစီစနစ်မှာ အားပြိုင်မှုလို့တော့ ပြောလို့မရဘူးပေါ့။ အခြေခံဥပေဒမှာကိုက တယောက်နဲ့ တယောက် အပြန်အလှန်ထိန်းကျောင်းတဲ့ စနစ်ရှိတဲ့ အတွက်ကြောင့်ဖို့လို့ အယူအဆမတူတာရှိရင်တော့ တဖက်နဲ့တဖက် ညှိရတဲ့ ကိစ္စမျိုးရှိတာပေါ့။ ဒါကတော့ ဒီမိုကရေစီစနစ်တခုမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါကို ကျနော်တို့က ပ​ဋိ​ပက္ခ ဘောင်ထဲမှာ ၀ိရောဓိ ဖြစ်တယ်။ ပ​ဋိ​ပက္ခ ဖြစ်တယ်လို့ ပြောရင်တော့ မှားပါတယ်။” လို့ ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအလွန် သမ္မတ သက်တမ်းမှာ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ လုပ်လိုတယ်လို့ ထုတ်ဖော် ပြောဆိုထားကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နေပြည်တော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ သက်တမ်း ကာလမှာ သမ္မတနေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒီသတင်းဟာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် သူကို ပြောကြားခဲ့တာ ဖြစ်ပြီး လူကြီးတယောက် ပြောတဲ့စကားဟာ အင်မတန်မှ တည်ကြည်တဲ့အကြောင်း နောင် ၂၀၁၅ သက်တမ်းကာလမှာ ဦးသိန်းစိန် ၀င်ရောက် အရွေးမခံဘူးဆိုတဲ့ မိမိကို ပြောတဲ့ စကားဟာ အမှန်ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024