မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်မှု တိုးလာတာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေစက္ကူတွေလုပ်တဲ့ ကုန်စည်တွေကိုပံ့ပိုးနေတဲ့ ဂျာမန်ကုမ္ပဏီက ကုန်စည် ပံ့ပိုးမှုကို ဆိုင်းငံ့လိုက်တယ်လို့ မတ်လ ၃၁ ရက်မှာ ပြောပါတယ်။
ဂီဆက်ကက်နဲ့ ဒဗ်ရီယန့် ကုမ္ပဏီက မြန်မာအစိုးရပိုင် ငွေစက္ကူ ပုံနှိပ်လုပ်ငန်းဆီ ပေးပို့စရာတွေ အားလုံးကို ချက်ချင်း သက်ရောက်မှု ရှိရှိ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
ဒါဟာ အရပ်သား လူ့အဖွဲ့အစည်းနဲ့ စစ်တပ်အကြား ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက် ပဋိပက္ခကို တုံ့ပြန်ချက်ပဲလို့ မြူးနစ်ချ်မြို့ အခြေစိုက် ကုမ္ပဏီက ပြောပါတယ်။
ကုမ္ပဏီဟာ လတ်တလော သီတင်းပတ်တွေအတွင်း ဘဏ်ငွေစက္ကူ ထုတ်လုပ်ဖို့ လိုတဲ့ ကုန်ကြမ်းတွေ၊ ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ပါဝင်သုံးစွဲရတဲ့ စနစ်တွေ မပေးပို့ဘဲ ကန့်သတ် ထားခဲ့ပြီးသားပါ။