ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့က မတ်လ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား အနည်းဆုံးအယောက်၂၀ ကျော်ကျဆုံးပြီး စစ်ကား ၄ စီး ပျက်စီးသွားပါတယ်။
မနေ့ညနေ ၂ နာရီခွဲလောက်က မိုးညှင်းမြို့အနောက်ခြမ်း မော်ဟန်ရွာကနေ နမ့်ချီးမှော်သွားလမ်းကို ဦးတည်မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ ၈ လက်အောက် တပ်ရင်း ၃၅ တပ်ဖွဲ့က အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ စစ်သတင်းအရ သိရပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မော်ဟန်ရွာသားတစ်ယောက်က "တိုက်ပွဲမှာ ဒဏ်ရာရတဲ့ မအလစစ်သားတွေကို မော်ဟန်ဘုန်းကြီးကျောင်းမှာ ချထားပြီးဆေးကုသနေပြီး မအလတပ်ဘက်က အနည်းဆုံးတပ်သား အယောက်၂၀ ကျော်ကျဆုံးသွားပါတယ်” လို့ ပြောပါတယ်။
မိုးညှင်းဘက်က ထပ်မံစစ်ကူတက်လာတဲ့ စစ်ယာဉ်တန်းတွေကိုလည်း ကေအိုင်အေက ကြားဖြတ်တိုက်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည် ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကိုလည်း မတ်လ ၃၁ ရက် မနက် အစောပိုင်း ၃ နာရီလောက်မှာ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်တပ်ရင်း ၁၂ တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုမြို့နယ်မှာလည်း ဆွမ်ပီယာန်မှာ အခြေချထားတဲ့ ခလရ ၁၃၈၊ ၄၆ ပူးပေါင်း တပ်စခန်းကို ကေအိုင်အေ တပ်မဟာ ၁ လက်အောက်တပ်ရင်း ၇ တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ ခလရ ၁၃၈ တပ်စခန်းကို ကေအိုင်ကေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကေအိုင်အေဘက်က သိရပါတယ်။
မနေ့ညနေ ၄ နာရီခွဲလောက်မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ကေအိုင်အေ တပ်မဟာ ၈ ဌာနချုပ်ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။